ရှမ်းမြောက်နှင့် ကချင်ပြည်နယ်အပါအဝင် မေလ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့တွင် သေဆုံးသူများရှိခဲ့ပြီး ယခုခါ စစ်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၇၆၅ ဦး ရှိသွားပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောသည်။
မေလ ၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သေဆုံးမှုများရှိခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် သီပေါမြို့တို့တွင် ပထမဆုံးအကြိမ် သွေးမြေခခဲ့ရပြီဟု ဒေသခံများကပြောသည်။
အမည်မဖော်လိုသူ နောင်ချိုဒေသခံတစ်ဦးက “ကျနော်တို့ ကိုယ်တိုင်သွားကြည့်တာပါ။ သေနတ်မှန်တာက နှစ်ယောက်၊ ပွဲချင်းပြီးသေတာက တစ်ယောက်၊ အခုလက်ရှိ ဆေးရုံမှာ သေနတ်မှန်တဲ့နောက်တစ်ယောက်က ဆေးကုနေပါတယ်။ နောင်ချိုဆေးရုံမှာပါ။ လူတွေက နှစ်ယောက်မှန်တယ်၊ နှစ်ယောက်သေတယ်ပဲ ပြောကြတာပါ။ တကယ်တော့ တစ်ယောက်ပဲဆုံးတာပါ။ နှစ်ယောက်မှန်တယ်၊ တစ်ယောက်ဆုံးတယ်။ တစ်ယောက်က အခုလက်ရှိထိ ဆေးကုတုန်း။ သက်သာပါတယ်။ တခြား ထိခိုက်ဒဏ်ရာရတာ အသေးအမွှားက ၅ ယောကလောက်ရှိတယ်။ ရပ်ကွက်ထဲမှာ သူတို့နည်းသူတို့ဟန်နဲ့ ဆေးကုနေပါတယ်” ဟု ပြောသည်။
“သေသွားတဲ့တစ်ယောက်က ဆီးစပ်၊ ဆီးပုန်းကို မှန်တာလေ။ လက်ရှိ ကုနေတဲ့တစ်ယောက်က တင်ပဆုံကိုမှန်တာ။ အခုလောလေဆယ်တော့ သွေး ၃ ပုလင်းသွင်းထားတယ်။ အခု ဆေးကုနေတဲ့လူက ၅၀-၅၀ ပြောရမလား၊ ၃၀-၇၀ ပြောရမလား သူ့အခြေအနေကလေ။ ဆေးရုံကလည်း ပစ္စည်းကိရိယာတော့ မဆုံဘူး။ ဆရာ/ဆရာမတွေက ကြိုးစားပြီးကုပေးနေတယ်။ ဖမ်းဆီးခံရတာက ကျား ၁၅၊ မ ၄ ယောက် အကုန်လုံး ၁၉ ယောက်။ အကုန်လုံး ၁၉ ယောက်လုံး ပြန်လွှတ်ပေးပါပြီ။ မြို့မိ/မြို့ဖတွေကပဲ လိုက်ပြီးလုပ်ပေးတာပါ” ဟု ၎င်းမှ ဆက်ပြောပြသည်။
နောင်ချိုမြို့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲတွင် အသက် ၄၀ အရွယ်ရှိသူ ဦးဝင်းနိုင်သေဆုံးပြီး၊ တစ်ဦးမှာ စိုးရိမ်ဒဏ်ရာနှင့် အခြားဒဏ်ရာရ (မစိုးရိမ်ရ) ရှိသူ ၅ ဦးခန့်ရှိသည်ဟု သိရသည်။
ထို့အပြင် ဖမ်းဆီးခံရသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၉ ဦးရှိရာ၊ ၎င်းတို့အား ဒေသခံ ရပ်မိရပ် ဖများက လိုက်လံကူညီညှိနှိုင်းပေးမှုကြောင့် ယမန်နေ့ (မေလ ၂ ရက်) နေ့ ညနေ ၆ နာရီခွဲခန့်တွင် ပြန်လွှတ်လာသည်ဟု ဒေသခံများက ပြောသည်။
သီပေါမြို့ဖြစ်စဉ်နှင့်ပတ်သက်၍လည်း ဒေသခံတစ်ဦးက “ဟုတ်ပါတယ်။ တစ်ဦးသေတာပါ။ သီပေါလည်း သွေးမြေကျရပြီဗျ။ ကျဆုံးတဲ့လူက ဖိုးလုံးပါ။ ခေါင်းကိုထိသွားတာပါ။ တခြားဒဏ်ရာရတဲ့လူတွေလည်း ရှိပါတယ်။ ခြေထောက်ကိုထိတဲ့တစ်ယောက် စိုးရိမ်ရတယ်” ဟု ပြောသည်။
ကချင်ပြည်နယ် ဖားကန့်မြို့၊ လုံခင်းက သပိတ်စစ်ကြောင်းကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် အမျိုးသားတစ်ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများကပြောသည်။
“ကျနော်တို့ သပိတ်စစ်ကြောင်းက မထွက်ရသေးဘူး၊ စထွက်ဖို့လုပ်တုန်းမှာပဲ စစ်သားတွေ ရဲတွေရောက်လာပြီး ပစ်တာပါ။ ကျည်အစစ်တွေသုံးပြီးကိုပစ်တာ။ သေနတ်မှန်တာက နှစ်ယောက်နော်၊ အဲ့မှာ တစ်ယောက်က သေတယ်၊ တစ်ယောက် ရင်ဘတ်ဒဏ်ရာရတယ်။ သူလည်း စိုးရိမ်ရတယ်။ လုံးခင်းသပိတ်စစ်ကြောင်း၊ မှော်ဝမ်းသပိတ်စစ်ကြောင်း အဲ့ဒါတွေ ဖြိုခွင်းခံရတာပါ။ စတာနဲ့ ဖြိုခွင်းခံရတာဗျ” ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့တွင်လည်း သေဆုံးသူ နှစ်ဦးထက်မနည်းရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးသူအရေအတွက်မှာ နေ့စဉ် တိုးလာနေဆဲဖြစ်ပြီး ယနေ့အထိ ကျဆုံးခဲ့ရသူစုစုပေါင်း (၇၆၅) ဦးရှိခဲ့ပြီဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။
မေလ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ (စစ်အာဏာရှင်ဆန့်ကျင်ရေး) ဆန္ဒထုတ်ရာတွင် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးက စစ်အာဏာရှင်မလိုလားသည့် လူငယ်များနှင့် ဒေသခံပြည်သူများ ပါဝင်ခဲ့ကြသလို အခြားနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။







