ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အတူတကွပေါင်းစည်းပြီး တိုက်ပွဲဝင်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒု-စစ်ဦးစီးချုပ်က ဖိတ်ခေါ်တောင်းဆိုလိုက်သည်။
ယမန်နေ့ (မေလ ၂ ရက်) နေ့တွင် ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄ ဖွဲ့သို့ပေးပို့သည့် KNLA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ၏ စာထဲတွင် ထိုသို့ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။
၎င်းက “KNLA၊ DKBA၊ KNU/KNLA-PC နှင့် BGF ခေါင်းဆောင်စစ်သည်အပေါင်းတို့ ကရင်တော်လှန်ရေး နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်းမှာ ဒီနေ့မျိုးလို ကောင်းမွန်တဲ့အခွင့်အရေး တခါမှမရှိခဲ့ဖူးဘူး။ ဒီကောင်းမွန်တဲ့အခွင့်အရေးကို အသုံးချပြီးတော့ တော်လှန်ရေးအတွက် ညီညီညွှတ်ညွှတ် ရဲရဲဝံ့ဝံ့နဲ့ စစ်အာဏာရှင်စနစ်ကို ပြိုလဲပျက်စီးသွားအာင် ကျနော်တို့ခေတ်မှာ တိုက်ခိုက်ရမှာပါ အဲလိုတိုက်ခိုက်နိုင်မှ ကျနော်တို့ရဲ့ နောင်လာ နောင်သားတွေက စစ်အာဏာရှင်စနစ်ကနေလွတ်မြောက်ပြီး လွတ်လွပ်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြရမှာဖြစ်ပါတယ်” ဟု ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကပြောသည်။
နှစ် ၇၀ ကျော် ကရင့်တော်လှန်ရေးကာလအတွင်း တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးသည့် ယခုအချိန်အခါကို ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့် အမိအရအသုံးချရန် KNLA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ကရင်လက်နက်ကိုင်အဖွဲ့များကိုပေးပို့သည့် စာထဲတွင် တိုက်တွန်းထားသည်။
ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး နောင်လာမယ့်နေ့ရက်များတွင် ကရင်လူမျိုးများအတွက် အမှန်တရားဖက်က ခိုင်ခိုင်မာမာရပ်တည်ပေးရန်၊ ဆိုးကျိုးကောင်းကျိုးများကို ရှင်းလင်းစွာ ဝေဖန်ပိုင်းခြားရန်နှင့် ကရင်ပြည်သူများလိုလားနေကြသည့် စည်းလုံးညီညွှတ်စွာဖြင့် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်တော်လှန်ရမည့်အချိန်သည် ယခုပင်ဖြစ်သည်ဟု KNLA ဒု-စစ်ဦးစီးချုပ်က ၎င်း၏စာထဲတွင် ထည့်သွင်းထားသည်။
ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက “စည်းလုံးညီညွှတ်မှုလမ်းကြောင်းကို ပြန်ရှာပြီး စစ်အာဏာရှင်ကို ပြိုလဲသွားအောင် ရဲရဲဝံ့ဝံ့နဲ့ အတူတကွ ဆန့်ကျင်တော်လှန်ကြဖို့ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ကရင်လူမျိုးတွေက ဖြစ်စေချင်တဲ့အရာဖြစ်ပြီး အဲဒါကို ဒီကနေ့မှာ ကျနော်တို့ကို တောင်းဆိုနေပြီးဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ကရင်ပြည်သူတွေ၊ ခေါင်းဆောင်စစ်သည်တွေရဲ့ အနစ်နာခံမှု၊ သူတို့ရဲ့ခန္ဓာကိုယ် အသက်သွေးချွေးတွေ ပေးဆပ်ခြင်းတွေဟာ ကရင်လူမျိုးတွေ စစ်အာဏာရှင်ရဲ့ ကျွန်ပြုခြင်းကနေ လွတ်မြောက်ဖို့အတွက်ဖြစ်တယ်။ လွတ်မြာက်မှုနဲ့အတူ လွတ်လပ်မှုတွေကို ရရှိဖို့အတွက်ဖြစ်တယ်” ဟု ပြောသည်။
ထို့အပြင် လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ဖက်မှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် ၎င်းတို့ဖက်မှ အထိနာမှုများရှိနေပြီး အင်အားချိနဲ့လာနေသည့်အတွက် ကရင်တိုင်းရင်းသားအများစုပါသည့် ကရင်နယ်ခြားစောင့်တပ် BGF အား ပါဝင်တိုက်စေသည့် အနေထားလည်းရှိနေသည်ဟု KNLA ဒု-စစ်ဦးစီးချုပ်က ဆိုသည်။
“အဲဒါကြောင့် ပိတ်မိနေတဲ့ သူတို့ရဲ့လူတွေကို ကူညီပေးဖို့ နယ်ခြားစောင့်တပ် BGF ကို ခိုင်းထားတယ်ဆိုပြီး ကျနော်တို့ ကြားသိရပါတယ်။ ခေါင်းဆောင်အပေါင်းတို့ ရန်သူရဲ့ ကြံစည်မှုတွေဟာ ကျနော်တို့ ကရင်လူမျိုး တစ်ဦးတစ်ယောက်အတွက်မှ ကောင်းကျိုးမရှိဘူး။ ကျနော်တို့ ကရင်လူမျိုးအချင်းချင်းပဲ တိုက်ခိုက်ရမှာဖြစ်ပြီး သေကြေပျက်စီးတာတို့၊ ထိခိုက်ဒဏ်ရာရရှိတာတို့ အခက်အခဲကြုံရမှာက ကျနော်တို့ ကရင်လူမျိုးတွေပဲဖြစ်ပါတယ်” ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကပြောသည်။
ဧပြီလ နောက်ဆုံးအပတ်အတွင်း KNU တပ်မဟာ (၁) နယ်မြေဖြစ်သည့် သထုံခရိုင်တွင်း ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF တို့ပူးပေါင်းကာ ပြည်သူများနေထိုင်သည့် ကျေးရွာများထဲသို့ ပစ်မှတ်ထား ပစ်ခတ်မှုရှိနေကြောင်း KNU သထုံခရိုင် တာဝန်ရှိသူက KIC သတင်းဌာနကို ပြောဆိုထားသည်။
စစ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် စစ်ကာင်စီတပ်များအကြား စစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲများလည်း ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာသည်မှာ ယနေ့အချိန်ထိဖြစ်သည်။
အထိနာနေသည့် စစ်ကောင်စီတပ်များက လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခြင်းများသည် မြေပြင်တွင် စစ်အင်အား အားနည်းနေသည်ကို ပြသနေသည့်အပြင် KNLA က ဝိုင်းထားသည့် စစ်ကောင်စီတပ်များထံသို့ စစ်အင်အား ပို့ဆောင်၍မရသောကြောင့်ဖြစ်သည်ဟု KNLA ဒု-စစ်ဦးစီးချုပ်၏စာထဲတွင် တွေ့ရသည်။
ထို့အပြင် လေလိုင်းကနေ တိုက်ခိုက်နေမှုများမှာလည်း မည်မျှကြောက်စရာကောင်းနေပါစေ မြေပြင်အရ ဖြစ်တည်မှု တည်ရှိမှုများသည် ဘာမှ မဟုတ်ကြောင်း ယခုကဲ့သို့ လုပ်ဆောင်မှုများသည် KNU/KNLA ဒေသသို့ ရောက်ရှိနေသည့် စစ်သားများ၏ စိတ်ပိုင်းဆိုင်ရာကျဆင်းနေမှုများကို မြှင့်တင်ရန်နှင့် ကရင်ပြည်သူပြည်သားများကို ကြောက်စိတ်များဝင်လာအောင် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဒု-ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြောသည်။
KNLA သည် အပစ်ရပ်လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည်။
ထို့အပြင် အခြား ကရင်တော်လှန်ရေးအဖွဲ့များဖြစ်သည့် DKBA၊ KNU/KNLA-PC တို့မှာ NCA စာချုပ်အပေါ်အခြေခံပြီး ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့သည့် အဖွဲများဖြစ်သည်။
BGF မှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်သည်။
ထိုအဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး KNU/KNLA မှခွဲထွက်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသည်။







