မြေပြင်၊ ဝေဟင် တိုက်ပွဲများဆင်နေသော်လည်း စစ်ကောင်စီက တစ်လ အပစ်ရပ်ကြောင်း ကြေညာ

မြေပြင်၊ ဝေဟင် တိုက်ပွဲများဆင်နေသော်လည်း စစ်ကောင်စီက တစ်လ အပစ်ရပ်ကြောင်း ကြေညာ

ကချင် ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လေကြောင်းထိုးစစ်များပါ အသုံးပြု နေသော်လည်း အာဏာသိမ်းစစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှု တစ်လတာ ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပြန်သည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ယနေ့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဆက်တိုက်လာရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မိုးမောက် ဒေသခံ တစ်ဦး က “ဟုတ်ပါတယ် နေ့တိုင်း တိုက်ပွဲဖြစ်နေတာပါ။ လေယာဉ်လည်း နေ့တိုင်းပဲ လာပါတယ်။ လေယာဉ်တွေနဲ့ နေ့ တိုင်း ပစ်ပါတယ်။ မိုးမောက်မြို့နယ်ထဲက စီးဟက်၊ ဒီကုန်းလောနဲ့ မြို့သစ်ဘက်တွေမှာ နေ့တိုင်း ပစ်နေတာပဲ။ အသံတွေလည်း ကြားရတယ်။ လေယာဉ်ဆိုရင် ခနခနပဲ လာနေတာ နော်၊ တစ်ရက်ကို ၅ ကြိမ်၊ ၆ ကြိမ် မက ဘူး။ ဒီနေ့ လည်းလာတယ်။ မနေ့ကလည်း လာတယ်။ ဟိုးတနေ့က လည်းလာတယ်။ မိုးမောက်ကို စစ်ရှောင် အသစ်လည်း နေ့တိုင်းရောက်တယ်။ သူတို့ အပစ်ရပ်တာ ကျမတို့က မသိဘူး။ တိုက်ပဲဖြစ်တာပဲ သိတယ်။ မနေ့ဆိုရင် ရွာသားတစ်ယောက် သေတယ်ပြောတယ်။ နွမ်လွန်းရွာမှာ လေယာဉ်နဲ့လာပစ်လို့” ဟုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ကြေညာခဲ့သော်လည်း ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွား နေခဲ့သည်။

ထို့အတူ ဧပြီလ ၃၀ ရက်နေ့ (ယနေ့) တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်း ရေးအတွက် ဆိုပြီး မေလ ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ အပစ်ရပ် တစ်လတာ ထပ်တိုးကြောင်း ထုတ်ပြန်ထားပြန်သည်။

စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသည့် ဧပြီလ ၃၀ ရက်နေ့ ယနေ့ တွင်ပင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး မြေပြင်ရော ဝေဟင်ထိုးစစ်များပါ ပြုလုပ် ခဲ့သည်။

လက်ရှိတွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကချင်လွတ် လပ်ရေးတပ်မတော် KIA က သိမ်းယူထားသည့် အလော့ဒ်ဘွမ်(အလော့ဒ်တောင်) စခန်းကုန်းကို စစ်ကောင်စီတပ်ဘက် ရရှိ ရန် ကြိုးစားနေကြောင်း၊ လေယာဉ်များဖြင့် နေ့စဉ်လာရောက်ပစ်ခတ်နေသည်မှာ ၆ ရက် ဆက်တိုက်ရှိပြီဖြစ် သည်ဟု ရှေ့တန်းရောက် KIA တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ နံနက်ပိုင်း အထိ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် (KPSN) က ပြောသည်။

KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က “အခုက တစ်ရွာလုံးပဲ သေနတ်တွေနဲ့ ပစ်တာက အရမ်းကြမ်းတယ်။ အသံအကျယ်ကြီးပဲ လေယာဉ်ပျံနဲ့ ဗုံးလာ ကြဲတာ ခုနကပဲ ကျမတို့ကို လှမ်းပြောတာ ဒါးဂွင်ဖက်လို့ပြောတယ်။ စစ်စခန်းနဲ့ အနီးအနားတွေကို ပစ်နေတာ။ တိုက်ပွဲက နေ့တိုင်းပဲ အတွင်းဖက်မှာဆို သေနတ်ကြီးတွေနဲ့ ရွာထဲ ဖက်ကို ပစ်တာရှိတယ်။ အတွင်းဖက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့လူတွေရှိတယ်။ ကမမောင်းနဲ့ ဖာ ပွန်လမ်းဖက်ပေါ့ အဲဖက်မှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတွေက အစားအသောက်မရှိဘူး” ဟု ပြော သည်။

သို့သော် စစ်ကောင်စီ က “တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက် မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက် ဆွေးနွေးခြင်း များ ပြုလုပ်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက် ဆွေးနွေးသွားနိုင်ရေးတို့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များ အပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ထပ်မံရပ် ဆိုင်း ပေးသွားမည်ဖြစ်သည်” ဟု ဧပြီလ ၃၀ ရက်နေ့ ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ အချို့သော တိုင်းနှင့် ပြည်နယ်များဖြစ်သည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်းရှိ     ဆန္ဒပြည်သူများနှင့်လည်း စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွား လျှက်ရှိသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...