ကရင်စစ်ရှောင် ၅၀၀၀၀ ခန့် အရေးပေါ်အကူအညီများလိုအပ်နေ

ကရင်စစ်ရှောင် ၅၀၀၀၀ ခန့် အရေးပေါ်အကူအညီများလိုအပ်နေ

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နှင့် စစ်ကောင်စီ တပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ ငါးသောင်းဝန်းကျင်ခန့်မှာ စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြော သည်။

တိုက်ပွဲများကြောင့် တောထဲ တောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် မူတြော်(ဖာပွန်) ခရိုင်အတွင်းက စစ် ဘေးရှောင်များမှာ အစာရေစာ ပြတ်လတ်မှုများနှင့် ကြုံတွေ့နေရသည့်အပြင် ကျန်းမာရေး၊ နေထိုင်ရေး အစရှိ သည့် အဖက်ဖက်မှ အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က ပြော သည်။

KPSN “အတွင်းဖက်မှာ ပုန်းရှောင်နေရတဲ့ လူဦးရေ အရေအတွက်က ကျမ တို့ ခန့်မှန်းတာက လေးသောင်း ငါး သောင်း လောက်ရှိပြီ။ အစားအသောက် မစားရဘူး။ အခုသူတို့အတွက် ကျမတို့ စိတ်ဆင်းရဲ့ စိတ်ရှုတ်နေရ တယ်။ သူတို့အတွက် ဘယ်လိုလုပ်ပေးရမလဲတောင် မပြောတတ်တော့ဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများလည်း နေ့ တိုင်း ဖြစ်ပွားနေသလို စစ်ဘေးရှောင်များမှာလည်း အစစအရာရာ ပိုမိုခက်ခဲလာသည်ဟု ဆိုသည်။

နော်ဝါးခူရှီးက “တိုက်ပွဲက နေ့တိုင်းပဲ အတွင်းဖက်မှာဆို သေနတ်ကြီးတွေနဲ့ ရွာထဲဖက်ကို ပစ်တာရှိတယ်။ အတွင်းဖက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့လူတွေရှိတယ်။ ကမမောင်းနဲ့ ဖာပွန်လမ်းဖက်ပေါ့ အဲဖက် မှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတွေက အစားအသောက်မရှိဘူး” ဟု ပြောသည်။

ထို့အပြင် ဧပြီလ ၂၇ ရက်နေ့က KNU/KNLA တပ်မဟာ ၅ မှ စစ်သည်များက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ၏ သော်လဲထာ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါနေ့မှစတင်ကာ စစ်ကောင်စီဖက်မှ KNU တပ်မဟာ ၅ နယ်မြေ ထိုင်း-မြန်မာနယ်စပ်ရှိ ကျေးရွာများ အတွင်းသို့ လေယာဉ်ဖြင့် နေ့တိုင်းလာရောက်ပစ်ခတ်နေသည်အတွက် ဒေသခံများမှာ ထိုင်းနိုင်ငံဖက်သို့ ထွက် ပြေးတိမ်းရှောင်နေရသည် ဟု KPSN က ပြောသည်။

“အခုက တစ်ရွာလုံးပဲ သေနတ်တွေနဲ့ ပစ်တာက အရမ်းကြမ်းတယ်။ အသံအကျယ်ကြီးပဲ လေယာဉ်ပျံနဲ့ ဗုံးလာ ကြဲတာ ခုနကပဲ ကျမတို့ကို လှမ်းပြောတာ ဒါးဂွင်ဖက်လို့ပြောတယ်။ စစ်စခန်းနဲ့ အနီးအနားတွေကို ပစ်နေတာ” ဟု နော်ဝါးခူရှီး က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်ရှိ KNLA စစ်သည်များ က စစ်ကောင်စီ၏ သီးမူထာ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်များက KNU/KNLA တပ်မဟာ ၅  မူတြော်(ဖာပွန်) ခရိုင်အတွင်းရှိ ကျေးရွာများ အတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ မောင်းထုတ်ခဲ့သည့်အတွက် စစ်ဘေးလွတ်ရာ တော တောင်များထဲတွင် ပုန်းရှောင်နေထိုင်နေရသည် မှာ ယနေ့အချိန်ထိ ဖြစ်သည်။

ဧပြီလ ၂၇၊ ၂၈ နှင့် ၂၉ ရက်တို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊  သံလွင်မြစ် တစ်လျောက်၊ ထိုင်းနှင့်ကရင်ပြည်နယ်စပ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကရင်ဒေသခံ ၂၀၀၀ ကျော် ထိုင်း နိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး လာမည့် ရက်များတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ထပ်မံ တိုက်ခိုက်လာပါက သံလွင်မြစ်ကမ်းတလျောက်ရှိ ကရင်ပြည်သူ ဒေသခံ ၈၀၀၀ ကျော်ထက်မနည်း ထိုင်းနိုင်ငံ ဖက်သို့ ထွက်ပြေးခိုလုံရမည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောသည်။

ထို့ကြောင့် ထိုင်းအာဏာပိုင်စစ်တပ်အနေဖြင့် စစ်ဘေးရှောင်ဒေသခံများကို ကူညီဖို့ရန်လည်း မျော်လင့်သည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...