အာဆီယံကိုယ်စားလှယ်အား လတ်တလောတွင် ဝင်ခွင့်ပြုမည်မဟုတ်သေး

အာဆီယံကိုယ်စားလှယ်အား လတ်တလောတွင် ဝင်ခွင့်ပြုမည်မဟုတ်သေး

နိုင်ငံတည်ငြိမ် အေးချမ်းမှု အပေါ်မူတည်ပြီးမှသာ အာဆီယံ အထူးကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံအတွင်းသို့ ဝင်ခွင့် ပေးမည် ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်သည်။

ဧပြီလ ၂၆ ရက်နေ့ (ယမန်နေ့) က ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့၏ အစည်းအဝေး အမှာစကားထဲတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်ဟု ကြေးမုံသတင်းစာက ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လက်ရှိတွင် မိမိတို့အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုရှိရေးကို ဦး စားပေး ဆောင်ရွက်နေသောကြောင့် ပြည်တွင်းတည်ငြိမ်မှု အပေါ်မူတည်ပြီးမှသာ အာဆီယံမှ အဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ခရီးစဉ်များကို စဉ်းစားသွားမည်ဖြစ်” ဟု ကြေးမုံသတင်းစာထဲတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာအရေးအတွက်  အာ ဆီယံ ခေါင်းဆောင်များ၏ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းရန် အတွက် အာဆီယံမှ ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံသို့ လာရောက်မည့်ကိစ္စကို ၎င်းအနေဖြင့် မကန့်ကွက် ကြောင်း  အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည် ဟု သိရသည်။

ထိုသို့ပြောဆိုခဲ့သော်လည်း ဧပြီလ ၂၆ ရက်နေ့ (ယမန်နေ့) က ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့၏ အစည်းအဝေး အမှာစကားထဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတည်ငြိမ် အေးချမ်းမှု အပေါ်မူတည်ပြီးမှသာ အာဆီ ယံ အထူးကိုယ်စားလှယ် အဖွဲ့အား နိုင်ငံအတွင်းသို့ ဝင်ခွင့်ပေးမှုကို စဉ်းစားသွားမည် ဟု ပြောဆိုခဲ့သည်။

ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံ အစည်းအဝေးအပြီး ခေါင်းဆောင်များမှ ပူးတွဲ ဘုံသဘော တူညီ ချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ အချက်များမှာ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ချက်ချင်း ရပ်တန့်ရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေးကို အာဆီယံ အထူး ကိုယ်စား လှယ်က ကြားဝင်အကျိုးဆောင် စေ့စပ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး နှင့် အာဆီယံ အထူးကိုယ်စားလှယ်များက မြန်မာပြည်တွင်းသို့ လာရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနှင့် တွေ့ဆုံ ရေးတို့ ဖြစ်သည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...