ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များ တပ်စွဲထားသည့် သော်လဲထာ စခန်းကုန်း အပါအဝင် စခန်း ၃ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ စခန်း ၂ ခုကို သိမ်းပိုက်ရရှိထားသည် ဟု ဒေသခံများ က ပြောသည်။
သော်လဲထာ စခန်းကုန်းမှာ ထိုင်းနိုင်ငံ မယ်စရီးယန်း မြို့အနီး မယ့်စမ်လက်ဘ်နှင့် မျက်နှာချင်းဆိုင် သံလွင်မြစ် တစ်ဖက်ကမ်းရှိ စခန်းဖြစ်သည်။ မယ့်စမ်လက်ဘ်မှာ ထိုင်းဘက်မှ အဓိက ရိက္ခာတင်သွင်းရာ လမ်းကြောင်းဖြစ်သည်။
ဧပြီလ ၂၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် KNLA က စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့၏ စခန်း ၃ ခုကို တစ်ပြိုင် နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သော်လဲထာစခန်းနှင့် အီသူးထာ စခန်းတို့ကို KNLA က သိမ်းပိုက်ရရှိခဲ့ သည် ဟု ကြားသိရကြောင်း ထိုင်းဖက်ခြမ်းမှ ဒေသခံတစ်ဦး က ပြောသည်။
“အခုက ကျနော်ကြားတာကတော့ အပေါ်မှာလည်း စခန်း ၃ ခုလေ သူတို့တောက်လျှောက်ပစ်တယ်။ အပေါ် မှာ က စခန်း ၂ ခုရှိသေးတယ်လေ။ မယ်ကထာနဲ့ အီသူးထာ ပေါ့။ သတင်းတော့ တိတိကျကျ မရဘူး အီသူးထာ တော့ သူတို့ရပြီ။ ဟိုးအပေါ် မယ်ကထာကတော့ သတင်းတော့ တိတိကျကျ မရသေးဘူး။ ပစ်တုန်းပဲ မိုးလင်းလဲ အခု လောက်ဆို ရပြီလား မရပြီးလာဆိုတာ ပြောမရသေးဘူး။ သတင်းတော့ မရသေးဘူး။ အပေါ်က အီသူးထာ က ကြားတာ အစောကြီးသိမ်းလိုက်တယ်။ အီသူးထာဖက်က အင်အားနည်းတယ်လေ။ မယ်အိုဒေ ရှေ့တည့် တည့် ဖက်ကျတော့ မယ်ကထာကျတော့ လူအင်အားများတယ်။”
စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့များ တပ်စွဲထားသည့် သော်လဲထာ၊ မယ်ကထာ၊ အီသူးထာ စခန်းကုန်း ၃ ခုကို KNLA က တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သော်လဲထာ စခန်းသိမ်း တိုက်ပွဲ အခြေအနေနှင့် ပတ် သက်၍ တိုက်ပွဲဖြစ်ပွားရာ နေရာကို ရောက်ရှိခဲ့သူ တစ်ဦး က ယခုကဲ့သို့ ပြောသည်။
“မနက် ၄ နာရီ ၄၅ မိနစ်မှာ စဖြစ်တယ်။ ဘယ်လိုလဲဆို တော့ အောက်ဖက်က တစ်ဖွဲ့ အပေါ်ဖက်က တစ်ဖွဲ့နဲ့ ဝိုင်းပစ်ကြတယ်။ ၆ နာရီ ဝန်းကျင်မှာပဲ ပြီးသွားတယ်။”
အဆိုပါ သော်လဲထာ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့မှ သေဆုံးမှုများရှိသည်ဟု တိုက်ပွဲဖြစ်ပွား ရာ ဒေသသို့ ရောက်ရှိခဲ့သည့် ၎င်း က ဆက်ပြောသည်။
“ဗမာစစ်သားတွေ ထွက်ပြေးသွားကြပြီ သေတာကတော့ ၁၁ ယောက်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာ ရတာ ကတော့ အတိအကျ မသိရသေးဘူး။ ဒါပေမယ့် သော်လဲထာဖက်က ရွာသား အမျိုးသမီးတစ်ယောက် တော့ ထိတာရှိတယ်။”
သော်လဲထာတိုက်ပွဲအတွင်း တပ်မတော်ဖက်မှ ၁၁ ယောက်ခန့် သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုနေေ သော်လည်း သတင်းနှင့်မီဒီယာကွန်ရက် အနေဖြင့် သီးခြား အတည်ပြု၍ မရသေးပေ။
ထို့အပြင် သော်လဲထာ စခန်းကုန်းကို KNLA က သိမ်းပိုက်ရရှိထားသည်ဟု KNU သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသော်လည်း အီသူးထာစခန်းနှင့် မယ်ကထာ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ၊
သို့သော် စစ်ကောင်စီ၏ သော်လဲထာ စခန်းကုန်းကဲ့သို့ မိဘပြည်သူများအတွက် အနှောက်အယှက်ဖြစ်စေသော၊ မိဘပြည်သူများကိုခြောက်လှန့်ပစ်ခတ်နေသော တပ်စခန်းများကိုလည်း KNLA အနေဖြင့် ထပ်မံ တိုက်ခိုက်သိမ်း ယူသွားမည်ဟု KNU က ဆိုသည်။
ကရင်အမျိုးသား အစည်းအရုံး KNU/KNLA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် လက် မှတ်ရေးထိုးထားသော်လည်း စစ်တပ်မှ NLD အစိုးရထံမှ အာဏာသိမ်းယူပြီးနောက် KNU/KNLA တပ်မဟာများ တွင် စစ်ရေးတင်းမာမှုများရှိလာပြီး တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိ ဖြစ် သည်။







