အလော့ဘွမ် အနီးတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ ရက်ဆက် တိုက်ခိုက်

အလော့ဘွမ် အနီးတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ ရက်ဆက် တိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖက်က လေယာဉ်ဖြင့်  ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ဧပြီလ ၂၆ ရက်နေ့ (ယနေ့) တွင် မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီဟက်၊ ကုန်းလောကျေးရွာများ ဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်တယ်နော် ဒီမှာက။ နှစ်ရက် သုံးရက်ရှိပြီ ဟုတ်တယ်။ ဒီနေ့ရော မနေ့ကရော လေယာဉ်နဲ့လည်း လာပစ်တယ်။ ဒီနေ့ဆို ၅ ခေါက်လောက်တောင်မှ လေယာဉ်နဲ့လာပစ်တယ်” ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

လေယာဉ်ပစ်ခတ်မှုများအပြင် မြေပြင်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု အဆိုပါ အမည်မဖော်လိုသူ ဒေသခံ က ဆက်ပြောသည်။

“လေယာဉ်နဲ့လည်းပစ်တယ်နော် အခုဆိုရင်က။ နောက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ လက် နက်ငယ်တွေနဲ့လည်း ဆက်တိုက်ပစ်တယ်။ ဟိုးတနေ့ကစပြီး ပြန်ဖြစ်နေတယ် ကျနော်တို့ဆီမှာက။ မနေ့ ကနဲ့ ဒီနေ့က လေယာဉ်တွေပြန်လာတယ်။ ဒီနေ့မနက်ဆိုရင် အစောကြီးကတည်းက ဖြစ်နေတာ ဟုတ် တယ်။”

မိုးမောက်မြို့က စစ်ရှောင်များအား ကူညီနေသူတစ်ဦးကလည်း “လေယာဉ်တွေ ခနခန သွားတာတွေ့တယ်။ မြို့သစ်ဘက်ကနေ သေနတ်သံတွေကြားရတယ်။ လက်နက်ကြီးအသံတွေဆိုရင် နေ့တိုင်းပဲ ကြားနေရ တယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်လို့ ပြောလို့ရတယ်။ အခု ကျမတို့နေတဲ့နေရာနဲ့ မြို့သစ်ဘက်နဲ့ ဆိုရင် တစ်နာရီလောက်ပဲ ဆိုင်ကယ်နဲ့သွားရတယ်လေနော် လက်နက်ကြီးအသံ၊ လက်နက်ငယ်အသံ အား လုံးကြား နေရတာ ဟုတ်တယ်။ စစ်ရှောင်လည်း ထပ်တိုးတယ်။ အိမ်ထောင်စု ၁၀ စု လောက် ပြန်တိုး လာ တယ်။ ကျမတို့ မိုးမောက်မှာတော့  တိုက်ပွဲက မဖြစ်သေးဘူးနော်၊ ဒီ မြို့သစ်တို့ စီဟက်တို့ အဲ့ဘက်မှာ ဖြစ် တာဟုတ်တယ်” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက တိုက်ပွဲများကြောင့် ယခုရက်ပိုင်းတွင် စစ်ဘေးရှောင်လာသူ  ၅၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း စစ်ရှောင်များအား ကူညီနေသူများက ပြောသည်။

စစ်ရှောင်ပြည်သူများအတွက် နေစရာ နေရာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေ သည်ဟု စစ်ရှောင်များနှင့် အကူအညီပေးသူများက ဆိုသည်။

မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ကြောင်း တလျှောက်က ကျေးရွာပေါင်း ၁၀ ရွာခန့်က ရွာသားတွေက မိုးမောက်မြို့နှင့် ဗန်းမော်မြို့ များသို့ စစ်ဘေးတိမ်းရှောင်လာကြသည့်အတွက် ယခုခါ နေရာအခက်အခဲများ နှင့် ရင်ဆိုင် နေရသည်ဟု အကူအညီပေးနေသူများနှင့် စစ်ရှောင်များက ပြောသည်။

မိုးမော်မြို့နယ်အတွင်းက စစ်ရေးအရ အရေးကြီးသည့်၊ အချက်အချာကျသည့် အလော့ဘွမ် တပ်စခန်း ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့များက ဧပြီလ ဒုတိယပတ်ခန့်ကနေ ဒီနေ့အချိန်ထိ ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် အလော့ဘွမ်နှင့် အနီးတဝိုက် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...