အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက် ဝေဖန်မှုတွေနဲ့ကြုံ

အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက် ဝေဖန်မှုတွေနဲ့ကြုံ

မြန်မာ့အရေးကြားဝင်ဖြေရှင်းပေးဖို့ကြိုးစားတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ( အာဆီယံ) ရဲ့ ထုတ်ပြန် ကြေညာချက်ထွက်လာချိန်မှာ ဝေဖန်ချက်တွေလည်း နောက်ဆက်တွဲလိုက်လာပါ တယ် ။

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧပြီ ၂၄ ရက်နေ့က လူကိုယ် တိုင် နေ့ချင်းပြန် သွားတက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က  အာဆီယံ အထူးအစည်းအဝေးအပြီး နောက်ဆုံးဘုံသဘောတူအတည်ပြုတဲ့ ကြေညာချက်ထဲမှာ အချက်တစ်ခုအနေနဲ့ သက်ဆိုင်သူတွေ အားလုံး အကြမ်းဖက်မှုတွေ အစွမ်းကုန်တားဆီးဖို့ လိုတယ်လို့ ဆိုပါတယ် ။

ထင်ရှားတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းက “ တောင်းဆိုချက် ငါးချက်မှာ ပထမတောင်းထားတဲ့အချက်ဖြစ်တဲ့ သက်ဆိုင်တဲ့သူတွေအားလုံးက အကြမ်းဖက်မှုတွေကို အစွမ်းကုန် တားဆီးဖို့ပြောနေတာကစပြီး လွဲနေပါပြီ။ အကြမ်းဖက်နေတာ ဘယ်သူတွေလဲ။ ဘယ်သူတွေ သတ်နေ ဖမ်းနေ နှိပ်စက်နေတာလဲ။ အကြမ်းဖက်ခံနေရတာ ပြည်သူတွေပါ။ အကြမ်းဖက်မှုမကျူးလွန်တဲ့ပြည်သူတွေကို အကြမ်းမဖက်အောင်ပြောစရာလိုလို့လား” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၈၀ ကျော်မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေပစ်ခတ်တာကြောင့် အနည်းဆုံးပြည်သူ ၇၅၀ နီးပါးအသက်ဆုံးရှုံးထားရပြီး လူပေါင်း ၃၀၀၀ ကျော်ဟာလည်းဖမ်းဆီးခံထားရတာလို့ မှတ်တမ်းတင်မှုတွေလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

အာဆီယံရဲ့တောင်းဆိုချက်ထဲမှာ အများမျှော်လင့်ထားတဲ့ ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေ နဲ့ ပြည်သူတွေကိုလွှတ်ပေးဖို့ဆိုတာ မပါလာပါဘူး။

“ မပါလာတော့ပြန်ပါဘူး။ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံးနဲ့တွေ့ဆုံကြဖို့ပြောထားပေမဲ့ ပါဝင်သက်ဆိုင်သူတွေကို ဆက်လက်ဖမ်းဆီးထားရာက ပြန်လွှတ်ပေးဖို့မတောင်းဆိုတာဟာ သဘာဝမကျပါဘူး” လို့ ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။

အာဆီယံရဲ့ ထုတ်ပြန်တဲ့အထဲ ကျန်တဲ့အချက်တွေကတော့ သက်ဆိုင်ရာအစုအဖွဲ့များအားလုံးအကြား ပြည်သူလူထု၏အကျိုးစီးပွားအတွက် ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာနိုင်ရေး အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုတွေစတင်ရန်၊၊ အာဆီယံ ရဲ့အကူအညီနဲ့ သက်ဆိုင်သူတွေအားလုံး ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်သွားဖို့၊ ညှိနှိုင်းဆွေးနွေးရာမှာ ကြားဝင်ပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ပြီး အဲဒီအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံလာပြီး သက်ဆိုင်တဲ့အစုအဖွဲ့တွေအားလုံးနဲ့ ဆွေးနွေးသွားဖို့နဲ့ အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးမယ်ဆိုတာတွေ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အကောင်အထည်ဖော်ဆောင်ရွက်တာနဲ့ပတ်သက်ပြီး ဘယ်အချိန် ဘယ်ကာလအတွင်း လုပ်ဆောင်မယ်ဆိုတာကိုတော့  ထဲ့သွင်းဖော်ပြထားတာမရှိပါဘူး။

“ စစ်အုပ်စုကြိုက်သလို အချိန်ဆွဲနိုင်ပါတယ်။ ပျားရည်နဲ့ ဝမ်းချသလို အကြောင်းပြနိုင်ပါတယ်။ ဘယ်အချိန်ထိလဲ၊ လူတွေဘယ်လောက်သေပေးရအုန်းမှာလဲ။ တော်တော်ကြောက်စရာကောင်းလှပါတယ်” လို့ ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ခံလွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မကြည်ပြာကတော့ အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်ကိုတွဲတင်ထားပြီး “အစတည်းကအများကြီး မျှော်လင့်မထားပါဘူး ….. ” လို့သူ့ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

ဒီအစည်းအဝေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်လည်းဖြစ်ပြီး ဂျကာတာမှာလည်း ဆန္ဒပြမှုတွေကိုကြုံခဲ့ရတာပါ။  အလားတူ အာဆီယံအစည်းအဝေးကျင်းပနေချိန် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံထဲက မြို့ကြီးတချို့မှာလည်း သံပုံးတီး ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါသေးတယ်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...