မိုးမောက်မြို့နယ်မှ ရွာသား ၃၀၀၀ လောက်စစ်ရှောင်နေရ

မိုးမောက်မြို့နယ်မှ ရွာသား ၃၀၀၀ လောက်စစ်ရှောင်နေရ

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာ သိမ်းစစ်ကောင်စီ တပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၃၀၀၀ ခန့် စစ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကချင်ပြည်နယ်မိုးမော်ြမို့နယ်အတွင်း အချက်အချာကျသည့် အလော့ဘွမ် တပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့များက မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့များက ဧပြီ ဒုတိယပတ်ခန့်တွင် ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အနီးတဝိုက် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

မိုးမောက်မြို့နယ်အတွင်း ဧပြီလ ဒုတိယအပတ်ခန့် က စတင်ခဲ့သည့် တိုက်ပွဲများသည် ယနေ့အချိန်ထိ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရွာသားများမှာ မိုးမောက်မြို့နှင့် ဗန်းမော်မြို့ များသို့ စစ်ဘေးတိမ်း ရှောင်လာကြ သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD (ကချင်ပြည်နယ်) က တာဝန်ရှိသူ တစ်ဦး က ပြော သည်။

“ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ တာပိန်မြစ်ကြောတစ်ကြောက ရွာတွေအားလုံးက စစ်ရှောင်လာ ကြတာပေါ့နော်။ ပြေးလာတဲ့လူ ၃၀၀၀ ကျော်တော့ ရှိမယ်။ အများအားဖြင့်က ရပ်ဆွေရပ်မျိုးတွေအိမ်နဲ့ လက် နက်ကြီးနဲ့ ဝေးတဲနေရာတွေ ရွာတွေမှာ ခိုလှုံနေကြတာများတယ်။ နောက်ပြီး ဗန်းမော်မြို့နဲ့ မိုးမောက်မြို့ ပေါ် က ဘုန်းတော်ကြီးကျောင်းတွေထဲမှာ ခိုလှုံနေကြတာလည်းများတယ်။ စစ်ရှောင်ဦး ရေကို အခုထိ အတည်ပြု ဖို့ ခက်နေတယ်နော်။ ဘာလို့လည်းဆိုတော့ နေ့တိုင်း လူသစ်ဝင်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD (ကချင်ပြည်နယ်) က တာဝန်ရှိသူ တစ်ဦး က ပြောသည်။

၎င်း က “ဒီမှာက ကချင် တိုင်းရင်းသားတွေထက် ရှမ်းတွေများတယ်လေနော်။ ကျနော်တို့ ရှမ်းတွေက သတ် မှတ်ပေးထားတဲ့နေရာမှာ လာမနေတဲ့ လူတွေလည်း များတယ်။ ရွာနဲ့နီးတဲ့နေရာမှာ ရွာစောင့်ရင်း စစ်ရှောင် နေ တဲ့လူတွေလည်း များတယ်။ စာရင်းကောက်ဖို့လည်း ခက်တယ်။ ဒီနေ့ တစ်ရာဆိုရင် ညနေဆိုရင် ၂၀၀၊ ၃၀၀ ဖြစ်သွားပြီ” ဟု ဆက်ပြောသည်။

မိုးမောက်မြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC (မိုးမောက်မြို့) က စီစဉ်ပေးသည့် နေရာများတွင် ရောက် ရှိလာသည့် စစ်ရှောင်များမှာ ၅၀၀ ကျော်ရှိပြီဟုလည်း အကူအညီပေးသူများ က ပြောသည်။



“အခုသူတို့နေနေတာက မိုးမောက်အသင်းတော် ဧဒင်ဘုရားကျောင်းရဲ့ မူကြိုကျောင်းဝန်းထဲမှာလည်း နေနေကြ တယ်။ နောက်ပြီး စဘော်ဘော်ဒါမှာနေတယ်။ မိုးမောက်ရဲ့ စိုက်ပျိုးရေးဘော်ဒါမှာလည်း စစ်ရှောင်တွေနေ တယ်။ နောက်ပြီး မိုးမောက်က ခါနန်အသင်းတော်ဘုရားကျောင်း ၂ ကျောင်းမှာလည်းနေကြတယ်။ အခု ရက် ပိုင်း ရောက်လာတဲ့ စစ်ရှောင်တွေကို အဲ့ဒီမှာ နေစရာ ပြင်ဆင်ပေးထားပြီး စီစဉ်ပေးရတယ်” ဟု ကချင်စစ်ရှောင် များအား အကူအညီပေးနေသူ KBC မှာ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

“မြို့သစ်၊ နောင်ဝမ့်၊ စဘော်၊ နန် ဆိုင်း၊ မိုင်းခပ်၊ နောင်ဖလန်၊ နန်ငို အဲ့ဒီရွာကလူတွေပါတယ်။ အခုသူတို့ပြော တာက ထပ်ပြီး ရောက်လာမယ့် လူတွေလည်း ရှိတယ်လို့ပြောတယ်။ ဒီမှာက အများစုက ကချင်တွေပဲ၊ ရှမ်း တွေကတော့ ဘုန်းကြီးကျောင်းတွေမှာ နေနေကြတယ်။ သူတို့ရောက်လာတယ် တစ်ပတ်ကျော်လောက်တော့ ရှိ ပြီ။ ဆွေမျိုးတွေ အိမ်မှာသွားနေတဲ့လူတွေလည်းများတယ်။ အခု စီစဉ်ပေးတဲ့နေရာမှာ ရောက်လာတဲ့ စာရင်း က ၅၂၃ ဦး ရှိပြီနော်။”

ဗန်းမော်မြို့နှင့် မိုးမောက်မြို့များသို့ စစ်ရှောင်ပြည်သူများနေ့စဉ် ရောက်ရှိလာနေသည့်အတွက် နေထိုင်စရာ နေ ရာနှင့် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

မိုးမောက်မြို့နယ်အတွင်းလည်း ယနေ့အချိန်ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့်အတွက် စစ်ရှောင်များ နေ ရပ် ပြန်ရေးမှာ အဆင်မပြေသေးဟု ဆိုသည်။

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီးဟက်နှင့် ကုန်းလောစသည့် ကျေးရွာများအနီးရှိ အာဏာသိမ်းစစ် ကောင်စီ တပ် ၏ စစ်စခန်းကုန်းငယ်များကို KIA က သိမ်းယူပြီးနောက် အဆိုပါဒေသများအတွင်းနှင့် အနီးအနားကျေးရွာ များတွင် နှစ်ဖက်ကြား တိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်များဖြင့်လည်း လာရောက် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည့် SNLD ၏ ထုတ်ပြန်ချက်အရ အသက် (၈၄) နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် ရွာသား လေးဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။

ကျေးရွာအချို့ထဲသို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုန်း တော်ကြီးကျောင်းနှင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ရသည်ဟု SNLD က ထုတ်ပြန်ထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...