ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများ ဆက်ဖြစ်နေ

ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများ ဆက်ဖြစ်နေ

အာဏာသိမ်းစစ်ကောင်စီ တပ်က အပစ်ခတ်ရပ်စဲကြောင်းကြေညာထားသော်လည်း ဧပြီလအတွင်း ကချင်ပြည် အတွင်း နေရာအနှံအပြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက် ရှိ သည်။

 

ဧပြီလ ၁၄ ရက်နေ့တွင် KIA တပ်မဟာ ၅ နယ်မြေ အလော့ဒ်တောင်(Alaw Bum)စခန်းကုန်းကို လေကြောင်းထိုး စစ်များဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖားကန့်၊ မိုးမောက်၊ ပူတာအို(ဆွမ်ပရာဘွမ်ဒေသ) အတွင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KIA တာဝန်ရှိသူများက ပြောသည်။

 

“အလော့ဒ်ဘွမ်တောင်မှာ တိုက်ပွဲက ထပ်ဖြစ်တယ်။ ဆက်ဖြစ်တာပေ့ါနော်။ ဗမာစစ်တပ်နဲ့ ကျနော်တို့နဲ့ တိုက်ပွဲ ဖြစ်နေတယ်။ အဲ့ဒီနားကို ဗမာစစ်တပ်ဘက်က ၁၁ နာရီခွဲလောက်မှာ ဂျက်လေယာဉ်နှစ်စီးနဲ့ လာပြီး ဗုံးလာကြဲ တယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို လေယာဉ်နဲ့ လာပြီး ဗုံးကြဲသွားတယ်” ဟု ရှေ့တန်းရောက် KIA တာဝန်ရှိ သူ က ပြောသည်။

 

တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ နယ်မြေအတွင်းတွင်လည်း နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

 

“စစ်သားတွေတက်လာတာဟုတ်တယ်။ နန့်ယားဘက်ကနေ KIA တပ်ရှိတဲ့ဘက်ကို စစ်သားတွေ သွားလိုက်တာ နော်။ အဲ့ဒီနေရာမှာက တပ်ရင်း ၄၄ က လူတွေရှိတယ်။ ဒီဖားကန့် ဒီလမ်းဘေးပေါ့ ခွန်စိုင်ကျေးရွာနားမှာ ဖြစ် သွား တာဟုတ်တယ်။ တိုက်ပွဲဖြစ်တာတော့ ၁၁ နာရီလောက်မှာ ဖြစ်တာနော်။ ဗမာစစ်တပ် နန့်ယားစစ်တပ် ကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်တာဟုတ်တယ်” ဟု ပြောသည်။

 

မိုးမောက်မြို့နယ်အတွင်းလည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျှက်ရှိပြီး ပြည်သူအချို့လည်း စစ်ဘေးလွှတ်ရာ နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

 

“တိုက်ပွဲက ၁၃ ရက်နေ့ကလည်းဖြစ်တယ်နော်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီနေ့ (၁၄ ရက်နေ့) မှာလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ ဘုန်းကြီးကျောင်းတွေမှာ တချို့ စုပြီးအိပ်ကြတယ်။ မိုးမောက်မှာ နေလို့ အဆင်မပြေတဲ့လူတွေက ဗန်းမော်ကို ထွက်ပြေးလာကြတာလေနော်။ အဲ့မျိုးဟုတ်တယ်” ဟု အမည်မ ဖော်လိုသူ ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

 

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီးဟက်နှင့် ကုန်းလောစသည့် ကျေးရွာများအနီးရှိ အာဏာသိမ်းစစ်  ကောင်စီ တပ်၏ စစ်စခန်းကုန်းငယ်များကို KIA က သိမ်းယူပြီးနောက် အဆိုပါဒေသတွင်း တိုက်ပွဲများ၊ စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်များဖြင့်လည်း လာရောက် ပစ် ခတ် နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 

မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများ အခြေအနေနှင့် ပတ်သက်၍ ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မိုးမောက်ဆိုတာကတော့ အလော့ဒ်ဘွမ်လည်း သူက မိုးမောက် လို့ ပြောရမှာပေါ့။ မြို့နယ်နဲ့ ပြောရရင်တော့။ နောက်တစ်ခုရှိတာကတော့ မြို့သစ်ပေါ့နော်၊ မြို့သစ် ကုန်းလော မှာလည်း ဟိုးတနေ့ညက ညတစ်နာရီဝန်းကျင် လောက်မှာ မြို့သစ်က မိုက်ကရိုဝေ့ တာဝါကုန်း စောင့်နေတဲ့ သူ တို့ရဲ့ တပ်စခန်းလေးတွေကိုလည်း သိမ်းတာရှိ တယ်။ နောက်ပြီးတော့ တာပိန် တံတားဦးမှာရှိတဲ့ စခန်းလေးတွေ ကိုလည်း သိမ်းတာရှိပါတယ်။ ဒါက အားလုံး ပြောကြတာတော့ မိုးမောက်လို့ ပြောကြတာပေါ့။ နေ့စဉ်ကတော့ တိုက်ပွဲက နေရာတကာမှာ ဖြစ်ပါတယ်။ မှတ် သားလောက်ရှိတဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ကျနော်ကတော့ အာရုံစိုက်နေတာပေါ့။ ခြုံခိုတိုက်ပွဲတွေ၊ ထိတွေ့ရင် ဆိုင်တိုက်ပွဲတွေ၊ ပြောက်ကြားတိုက်ပွဲတွေကတော့ နေရာ တကာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

ဧပြီလ ၁၃ ရက်နေ့လည်း ခယာဘွမ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ တပ်များက မုန်လိုက်ခက် ဘက်သို့ ၈၁ မမ ဖြင့် ပစ်ခတ်ခြင်း၊ ဆမားဘွမ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီ တပ်က ဖလတ် ဘွမ်ဘက်သို့ ၁၂၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ်လာသည့်အတွက် KIA ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု KIA က ပြောသည်။

 

ဧပြီလ ၁၂ ရက်နေ့ကလည်း KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နယ်မြေအတွင်း အင်ဆိုင်ယန်နှင့် ဆွမ်ပီယန်ဘက်သို့ စစ်ကူတက်လာသည့် အာဏာသိမ်းစစ်ကောင်စီ တပ်နှင့် KIA တပ်တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့သည်။

 

ကချင်ပြည်နယ်အတွင်း ယခုရက်ပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက် နက်ကြီး ပစ်ခတ်မှုများကြောင့် မိုးမောက်မြို့နယ်အတွင်းက ကျေးရွာအချို့ထဲသို့ လက်နက်ကြီးကျည်များ ကျ ရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံပြည်သူ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...