အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုင်းရင်းသား လူမျိုးစုများဖြင့် လိုအပ်သလို ဆက်လက်တိုးချဲ့ဖွဲ့ စည်း သွားမည် ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပြောသည်။
CRPH မှ ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာသည့်နေ့ ဧပြီ လ ၁၆ ရက်နေ့ (ယနေ့) တစ်ရက်တည်းတွင်ပင် ထိုကဲ့သို့ ထပ်မံထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
၎င်းတို့၏ ထုတ်ပြန်ချက်အရ “အမျိုးသားညီညွတ်ရေးအစိုးရတွင် ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုးစုံ ပါ ဝင်ရေးကို ဦးတည်လျက် လိုအပ်သလို ဆက်လက်တိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန် အပ် ပါသည်” ဟု သိရသည်။
ဧပြီလ ၁၆ ရက်နေ့ (ယနေ့) တွင် CRPH က ထုတ်ပြန်လိုက်သည့် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ အဖွဲ့တွင် ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ချင်း၊ တအာင်း(ပလာင်) စသည့် တိုင်းရင်းသား လူမျိုးများ ပါဝင်လာသည် ကို တွေ့ရသည်။
သို့သော် ယနေ့ ဖွဲ့စည်းလိုက်သည့် ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရတွင် တိုင်းရင်းသား လူမျိုးစုံ ပါဝင် လာခြင်း မရှိသေးပေ။ ထို့ကြောင့် လူမျိုးစုံပါဝင်ရေးကို ဦးတည်ကာ အစိုးရအဖွဲ့ကို လိုအပ်သလို တိုးချဲ့ ဖွဲ့စည်း သွားမည်ဟု ဆိုသည်။

CRPH အနေဖြင့် ဤပြည်ထောင်စုအစိုးရသစ် ပေါ်ပေါက်ရန်အလို့ငှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင် စီ (National Unity Consultative Council) အတွင်း ဆွေးနွေးညှိနှိုင်းလျက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၏ အတည်ပြုမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည် ဟု ဆိုသည်။
CRPH က ထုတ်ပြန်လိုက်သည့် ကြားကာလ အမျိုးသား ညီညွှတ်ရေးအစိုးရအဖွဲ့တွင် သမ္မတအဖြစ် ဦးဝင်းမြင့် နှင့် ဒုတိယ သမ္မတအဖြစ် ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဒူဝါလရှီးလ အား တာဝန်အပ်နှင်းထားသည်ကို တွေ့ရသည်။
ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကိုလည်း ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့ တွင် ပြန်လည်ထည့်သွင်းထားပြီး ယခင်ရာထူးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်အပ်နှင်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်၏ ဥပဒေပြုရေးမဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက လည်းကောင်း တာဝန် ယူဆောင် ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကို လည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်ပါသည် ဟု CRPH က ဆိုသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ ပြည် သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှယ်တော်ကိုယ်စားပြု ကော်မ တီများ၏ အတည်ပြုမှုဖြင့် ဆက်လက်ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်ပါသည်ဟု ပြောသည်။
CRPH အနေဖြင့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီ နည်း ကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် CRPH က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ထုတ်ပြန်ကြေညာပြီး နှစ်ပတ်ကျော်အကြာတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။







