မွန်ဂီတအစည်းအရုံးဥက္ကဌ အိုင်းမွန်(ခ) ကိုမောင်လှ အသက် (၇၁ နှစ်) ကွယ်လွန်အနိစ္စရောက်

မွန်ဂီတအစည်းအရုံးဥက္ကဌ အိုင်းမွန်(ခ) ကိုမောင်လှ အသက် (၇၁ နှစ်) ကွယ်လွန်အနိစ္စရောက်

ဂီတမွန်တီးဝိုင်း၏ ဖခင်ကြီး မွန်ဂီတအစည်းအရုံးဥက္ကဌ အိုင်းမွန်(ခ) ကိုမောင်လှ အသက် (၇၁) နှစ်သည် မော်လမြိုင်မြို့နယ် ရိုးဂိုးရွာမီးရထားလမ်းကူး၌ ပြီးခဲ့သည့်ညပိုင်းက မော်တော်ဆိုင်ကယ် မတော်တဆဖြစ်ပေါ်ခဲ့ပြီး ကုတင် ၃၀၀ ဆန့် စစ်ဆေးရုံသို့ တက်ရောက်ကုသနေစဉ် ယနေ့နံနက် ၂ နာရီခန့်က ကွယ်လွန်အနိစ္စရောက်ရှိခဲ့သည်။

ကြွင်းကျန်သောရုပ်ကလာဒ်အား မနက်ဖြန် (ဧပြီလ ၁၁ ရက်နေ့) မွန်းလွဲ ၁ နာရီအချိန်တွင် မီးသင်္ဂြိုလ်အခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုဝင်နှင့် မွန်ဂီတအနုပညာရှင်များထံမှ သိရသည်။

ခေတ်ပေါ်မွန်ဂီတလောက စတီရီယိုခေတ်ဦး ၁၉၇၄ ခုနှစ်တွင် ဖားအောက်မွန်တီးဝိုင်း “လျးဟံသာ” စတင်ဖွဲ့စည်းခဲ့စဉ်က ဂီတမှူးအဖြစ်ဝန်ယူခဲ့ပြီး Lead ဂစ်တာ၊ Key Board နှင့် စန္ဒယားတို့ကို ဦးဆောင်တီးခတ်သူ ဖြစ်သည်။

၁၉၈၄ ခုနှစ်တွင် လျးဟံသာတီးဝိုင်းမှ နုတ်ထွက်၍ “ဂီတမွန်” Gita Mon တီးဝိုင်းကို ဆက်လက်တည်ထောင်ခဲ့ပြီး တီးဝိုင်းဖြေဖျော်ရေး၊ ဂီတသင်တန်းများနှင့် မွန်တေးသီချင်းတို့ကို ရေးသား၍ မွန်စီးရီးတိတ်ခွေတေးသီချင်းများစွာ ဦးစီးသီဆိုထုတ်လုပ်သည့်အပြင် တက်သစ်စမွန်အနုပညာ ဂီတသမားများစွာ မွေးထုတ်နိုင်သူအဖြစ် ထင်ရှားသည့် အနုပညာသမားတစ်ဦး ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် ဂီတမွန်မှထွက်ခွာသည့်နောက်ပိုင်းတွင် မိချောင်းတူရိယာနှင့် ပတ္တလားတို့ကို ဆက်လက်လေ့လာ၍ ဖားအောက်-ရိုးဂိုးကွက်သစ်ရှိ နေအိမ်၌ မွန်ရိုးရာဂီတဝိုင်းတစ်ခုကိုလည်း တည်ထောင်ထားသည်။

“လျးဟံသာ” သီချင်းစီးရီးခွေ ၅ ခု၊ ဂီတမွန်သီချင်းစီးရီခွေ ၁၀ ခုအပြင် ရိုးရာနှင့်ခေတ်ပေါ် မွန်သီချင်းပုဒ်ရေပေါင်း ရာနှင့်ချီ၍ သီဆိုအသံသွင်းခဲ့သူအဖြစ် လူသိများထင်ရှားသူတစ်ဦး ဖြစ်သည်။

ဖားအောက်ကျေးရွာအနောက်ပိုင်းနေ ဖခင် နိုင်ထောင်း (နာဲထဴ ) မိခင် မိဝုတို့မှ ၁၉၅၁ ခုနှစ် မတ်လ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) တွင် သားဦးရတနာ မောင်လှကို မွေဖွားသန့်စင်၍ မန္တလေးတက္ကသိုလ်၌ ၁၉၇၇ ခုနှစ်က B.Sc Zoology ဘွဲ့ရရှိခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး မွန်အဆိုတော် မိယဉ် (မိဂေါဝ်ဆာဲ) သား ၃ ဦးနှင့် မြေး ၁ ဦး ကျန်ရစ်ကြောင်း သိရသည်။

ထို့ပြင် မွန်ဂီတအနုပညာရှင်များနှင့် ခေတ်ပေါ်မွန်တီးဝိုင်း Music Band များပေါင်းစည်း၍ ၂၀၁၉ ခုနှစ်က အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် မွန်ဂီတအစည်းအရုံးတွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...