ကွတ်ခိုင်တွင် KIA နှင့် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ်ဖြစ်

ကွတ်ခိုင်တွင် KIA နှင့် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ်ဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာသည့်အတွက် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့က တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့သည်။

 

မုန်းရိုးနှင့် လွယ်ဂန်ကျေးရွာအကြားတွင် ကေအိုင်အေတပ်စခန်း ရှိရာဘက်သို့ ထိုးစစ်ဆင် လှုပ်ရှားလာသော  အာဏာသိမ်းစစ်တပ် ခမရ (၄၂၇)လက်အောက်ခံတပ်များက ကေအိုင်အေ တပ်ရင်း (၈)နယ်မြေအတွင်းသို့ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာသည့်အတွက် ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်း တစ်နာရီခွဲ အချိန်ခန့်က နှစ်ဖက် တိုက်ပွဲဖြစ် ပွားခဲ့ခြင်း ဖြစ်သည်ဟု KIA တာဝန်ရှိသူက ပြောသည်။

 

"တိုက်ပွဲဖြစ်တာက မုန်းရိုး နဲ့ လွန်ဂန်ကျေးရွာအကြားမှာပါ။ ဒီကေအိုင်အေတပ်စခန်းရှိတဲ့ ဘက်ကို ထိုးစစ်ဆင် ဝင်လာတဲ့အတွက်။ သူတို့ ဝင်လို့ ကျနော်တို့ပိတ်ပြီး ပစ်လိုက်တာပါ။ သူတို့က ကုန်းကြောင်းနဲ့ပေါ့၊ လမ်း လျှောက်စစ်ကြောင်းပေါ့၊ စစ်အင်အား ၆၀ ကျော်လောက်ရှိမယ်။ ခမရ ၄၂၇ နဲ့ ကျနော်တို့က တပ်ရင်း ၈ နဲ့ပေါ့။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိဘူး။ ဘာမှ မဖြစ်ဘူးနော်။ ကျနော်တို့အနေနဲ့ ခုခံတိုက်ခိုက်တာပေါ့နော်။ အဲ့ကနေ ဖြစ်ပွားလာတဲ့ တိုက်ပွဲဖြစ်ပါတယ်။ သူတို့က မုန်းရိုးကို တက်လာတာပါ" ဟု KIA က တာဝန်ရှိသူ တစ် ဦးက ပြောသည်။

 

KIA တပ်မဟာ ၁၀ နယ်မြေနှင့် တပ်မဟာ ၄ နယ်မြေ အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက အင်အား အလုံးအရင်းဖြင့် တက်လာသည့်အတွက် တိုက်ပွဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 

“ကွတ်ခိုင်ဘက်ကနေ ဆင်းလာတာ၊ ဗမာစစ်ကား ၄ စီး ဟုတ်တယ်။ မန်ပိန်းကျေးရွာနားမှာ တိုက်ပွဲဖြစ်တာ ပေါ့။ KIA ကချင်တပ်နဲ့ ဗမာစစ်တပ်နဲ့ ဖြစ်တာပါ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

 

မန်ပိန်းကျေးရွာအနီး  KIA တပ်မဟာ ၁၀ လက်အောက်ခံ တပ်ရင်း ၃၉ နှင့် အာဏာသိမ်းတပ်တို့အကြား တိုက်ပွဲ တစ်နေရာ ဖြစ်ပွားခဲ့ပြီး လွန်ဂန်ကျေးရွာ အနီးတွင်လည်း နှစ်ဖက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ထို့အပြင် ဧပြီလ ၆ ရက်နေ့ကလည်း KIA တပ်ရင်း (၈)နယ်မြေ ဖြစ်သည့် နမ့်ဖတ်ကာကျေးရွာအုပ်စု နားကောင်း ကျေးရွာ အထက်တွင် KIA နှင့် စစ်ကောင်စီတပ်တို့  အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

KIA တပ်ရင်း (၈) သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ ၏ လက်အောက်ခံတပ်ရင်း ဖြစ်ပြီး လားရှိုး-မူဆယ် ကားလမ်း တောင်ဘက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသည့် တပ်ရင်းတစ်ရင်း ဖြစ်သည်။

 

ဧပြီလ ၄ ရက်ကလည်း မိုင်းယော်တိုက်နယ် တွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ထို့နောက် ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရသည်။

 

ထိုပစ်ခတ်မှုအပြီး မိုင်းယော်တိုက်နယ်၊ ပန်းခါးနှင့် ပန်ကြိမ်လုံကျေးရွာမှ ရွာသား ၅ ဦး ကို အာဏာသိမ်း စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...