စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆန္ဒပြပြည်သူများ၏ ခံတပ်ကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်တွေက အင်အား အလုံးအရင်းနှင့် နှစ်ဖက်ပိတ်ကာ ပစ်ခတ်ခဲ့သည့်တွက် သေဆုံး ၁၁ ဦးအထိ ရှိပြီဖြစ်ပြီ ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
ကလေးမြို့က တာဟန်းခံတပ်ကို ဧပြီ ၇ ရက် (ယနေ့) နံနက် ၅ နာရီ ဝန်းကျင်ခန့်မှစတင်၍ စစ်တပ်က နှစ်ဖက် ပိတ်ကာ ပစ်ခတ်ခဲ့သည်ဟု တာဟန်းရပ်ကွက် ဒေသခံတစ်ဦး က ပြောသည်။
“ဒီနေ့ ကျနော်တို့ Confirm လုပ်လို့ရတဲ့စာရင်းကတော့ ၁၁ ဦးပဲပေါ့။ ၁၁ ဦးဆုံးတယ်။ အဲ့ထဲမှာ အလောင်း ကောက်လို့မရတာ ၂ ဦး၊ သူတို့ယူသွားတာပေါ့။ စစ်ခွေးတွေ ကောက်သွားတာ နှစ်လောင်းရှိတယ်။ သေဆုံးသွား တဲ့လူတွေက များသောအားဖြင့် လူငယ်တွေပါ။ အလွန်ဆုံးမှာ ၃၀ ကနေ ၂၅ ကြားပေါ့။ တခြား အလောင်းတွေ တော့ ကောက်လို့ရတယ်။ ဒဏ်ရာရတဲ့လူကတော့ ၅ ဦးလောက်ရှိမယ်။ ဒဏ်ရာရတဲ့ လူတွေထဲမှာတော့ အမျိုး သမီး တစ်ဦးပါတယ်။”
ထို့အပြင် တာဟန်းရပ်ကွက်နှင့် ဆက်နေသည့် ကျွန်းသုံးပင်ရပ်ကွက်တွင်လည်း ရပ်ကွက်နေ ပြည်သူတစ်ဦးကို ၎င်း၏ ခြံဝန်းအတွင်း စစ်တပ်က ပစ်ခတ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
“ကျွန်းတောပင်ဘက်မှာဆိုရင် ဦးလေးတစ်ယောက် သူ့ခြံထဲဝင်ပြီး ဝက်စာကျွေးဖို့ ဆင်းတဲ့အချိန်လည်း ပစ် သတ် လိုက်တာမျိုး ရှိတယ်။ သူ့ခြံထဲမှာ သူ့အလုပ်သူ လုပ်နေတာတောင်မှ ပစ်သတ်သွားတာ။”
ယနေ့ဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသူ ၁၅ ဦးထက် မနည်းရှိနေပြီး ဖမ်းဆီးခံထားရသူများကို လက်နောက်ပြန်ကြိုး တုတ်၊ မျက်လုံးများကို ပိတ်စများဖြင့် ပိတ်ပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်အော်ဟစ်နေသည်ဟု မျက်မြင် သက်သေတစ်ဦးက ပြောသည်။
“ပြီးတော့ ဖမ်းဆီးခံရတာက ၁၅ ဦးအထက်မှာ ရှိတယ်။ သူတို့ အနောက်ခံတပ်နားကနေ ဖမ်းတဲ့လူရှိသလို အရှေ့ခံတပ်နားကနေ ဖမ်းခံရတဲ့လူတွေ ရှိတယ်။ ပြီးတော့ တောင်ဖီလာအိမ်ယာနားမှာလည်း သူတို့က တပ် စွဲထားတယ်။ အဲ့ဒီဖမ်းထားတဲ့လူတွေကို ရိုးရိုးဖမ်းတာမဟုတ်ပဲနဲ့ နှိပ်စက်တယ်။ သူတို့ရိုက်တယ်။ ခြေထောက် နဲ့ ကန်တယ်။ ပြီးတော့မှ သူတို့ဒီ ရဲနဲ့ စစ်သားတွေက သူတို့ပြောတာကတော့ ဒီလူတွေကိုလည်း သတ်မှာ ထပ် သတ်ပစ် မှာဆိုပြီးတော့ အော်နေတာ။ ဖမ်းခံရတဲ့လူတွေကို မျက်လုံးတွေကို ပိတ်ပြီး ချည်ထားတယ်။ ကန် တယ်။”
ဧပြီလ ၇ ရက်နေ့ နံနက်အစောပိုင်းက စတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များ၏ အကြမ်းဖက်ဖြိုခွင်းခံ လိုက်ရသည် ခံတပ်မှာ ကလေးမြို့ ဆန္ဒပြသူများ အခိုင်အမာဆောက်လုပ်ထားသည့် ပင်မခံတပ်ဖြစ်သည့် တာဟန်းခံတပ် ဖြစ်သည်။
ခံတပ်ဖြိုခွင်းခံရသည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် လူငယ်တစ်ဦးကလည်း “အစပိုင်းမှာတော့ သူတို့က ကျနော်တို့ အငိုက်မိတဲ့အချိန်ကို စောင့်နေတာပေါ့နော်။ စစ်တပ်တွေလာနိုင်တယ် ဆို ပြီး ကင်းစောင့်တဲ့လူတွေလည်း သေ ချာစောင့်ပေးထားတယ်။ ၃ နာရီလောက်အထိ တိတ်ဆိတ်နေတော့ မလာ လောက်တော့ဘူးထင်လိုက်တာ။ အဲ့ အချိန်မှာ စစ်တပ်က နောက်ခံတပ်ကနေဝင်တာလည်းရှိတယ်။ ရှေ့ကနေဝင်တာလည်း ရှိတယ်။ ဘေးကနေဝင် တာလည်း ရှိတယ်။ အဲ့မှာ ပစ်ခတ်ကြတာ။ သူတို့က လက်နက်ကြီးတွေ၊ ဗုံးတွေ ကျည်တွေ ဆက်တိုက်ပစ်တာ မျိုးလုပ်တယ်” ဟု ပြောသည်။
ထို့အပြင် “နေ့လည်ပိုင်းမှာဆိုလည်း လမ်းကြိုလမ်းကြားတွေ အကုန်လုံး ကိုပစ်တယ်။ လျှောက်ပစ်တာမျိုး လုပ်တယ်။ တချို့အိမ်တွေဆို ဖောက်ထွင်းတယ်။ ဖောက်ထွင်းပြီးတော့ ကြိုက် တဲ့ပစ္စည်းတွေ ယူသွားတယ်။ ကျွန်းသုံးပင်ရပ်ကွက်က အိမ်တစ်အိမ်ဆိုရင် သိန်း ၇၀ ကျော်ယူသွားတယ်။ သူတို့ က ဆန်ရောင်းတဲ့လူ” ဟု အဆိုပါ လူငယ်က ဆက်ပြောသည်။
ကလေးမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်များက ဆန္ဒပြ သပိတ်စစ်ကြောင်းများနှင့် ပြည်သူများကို နေ့စဉ် ဆက်တိုက် အကြမ်းဖက် ဖြိုခွင်းနေသည့်အတွက် မတ်လ ၂၇ ရက်နေ့ စတင်ပြီး တာဟန်းရပ်ကွက်ထဲတွင် ဆန္ဒပြ ပြည်သူများ ပူးပေါင်းကာ ပင်မတပ်စခန်းတစ်ခုကို အခိုင်အမာ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
ယနေ့အကြမ်းဖက်ဖြိုခွင့်းခံရပြီးနောက် အဆိုပါ ခံတပ်၏ အကာများကို စစ်ကောင်စီတပ်များက ဘတ်ဟိုးကား နှင့် ဖယ်ရှားထားလိုက်ပြီဟု ဆိုသည်။
Published
Thursday, April 08, 2021
တာဟန်းခံတပ်ကို စစ်ကောင်စီတပ်က နှစ်ဘက်ညှပ်ပစ်၊ အသေအပျောက်များ







