မော်လမြိုင်ဘဏ်များတွင် ငွေထုတ်သူများပြား

မော်လမြိုင်ဘဏ်များတွင် ငွေထုတ်သူများပြား

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဧပြီလဆန်းမှစတင်၍ ပုဂ္ဂလိက ဘဏ်အချို့ ပြန်လည်ဖွင့်လှစ်နေပြီး ယခုအခါ ငွေလာထုတ်သူ အများအပြားရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပုဂ္ဂလိက ဘဏ်အချို့ဖြစ်ကြသည့် ကမ္ဘောဇ၊ ဧရာဝတီ၊ CB အစရှိသည့်ဘဏ်များက ဧပြီလဆန်းတွင် ပြန်လည် ဖွင့်လှစ်နေခြင်း ဖြစ်ပြီး အလှည့်ကျစနစ်ဖြင့် ငွေထုတ်ပေးနေသည်ဟု ငွေထုတ်သူများက ပြောသည်။

ဧပြီလ ၆ ရက်နေ့က ကမ္ဘောဇဘဏ်ခွဲတွင် ငွေထုတ်ခဲ့သူတစ်ဦးက ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် ပတ် သက်၍ “ဘဏ်ရှေ့မှာ တန်းစီပြီး စောင့်ရတယ်၊ လူတန်းက အရှည်ကြီးဆိုတော့ ကိုယ့်အလှည့်ရောက်ဖို့က အကြာကြီး စောင့်ရတယ်၊ ညီမဆို နှစ်နာရီလောက်စောင့်လိုက်ရတယ်၊ ဘဏ်တွေ အခုမှပြန်ဖွင့်ကြတာရယ် နောက်တစ်ခုက သင်္ကြန်ပိတ်ရက်လည်းနီးလာတော့ ငွေထုတ်သူတွေများတယ်ထင်တာပဲ” ဟု ပြောသည်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုက အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် လာကြပြီး အလုပ်မဆင်းကြသည့်အတွက် မော်လမြိုင်မြို့ပေါ်က ပုဂ္ဂလိကဘဏ်အများစုသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပိတ်ထားခဲ့သည်။

ပုဂ္ဂလိဘဏ်အများစု ပိတ်ထားသည့်အတွက် ဘဏ်နှင့် ချိတ်ဆက်လုပ်ငန်းဆောင်ရွက်နေရသည့် လုပ်ငန်းများ အတွက် လုပ်ငန်းနှောင့်နှေးမှုရှိကာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု လုပ်ငန်းရှင်တို့၏ ပြောပြချက်အရ သိရ သည်။

“နိုင်ငံရေး မတည်မငြိမ်ဖြစ်သွားတော့ ဘဏ်တွေလည်း ပိတ်ထားကြတယ်၊ ဘဏ်တွေ မဖွင့်တော့ အရောင်းအ ဝယ်လုပ်ဖို့ ငွေလွှဲ ငွေပို့ဖို့က အခက်အခဲဖြစ်တယ်၊ အရောင်းအဝယ်မှာ နှောင့်နှေးမှုရှိတာပေါ့” ဟု ဆားလုပ်ငန်း ရှင် တစ်ဦး က ပြောသည်။

မော်လမြိုင်တွင် ကမ္ဘောဇ၊ ဧရာဝတီ၊ ရိုးမ၊ မြန်မာ့ရှေ့ဆောင်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး၊ သမဝါယမ၊ AGD ဘဏ်နှင့် CB ဘဏ် အစရှိသည့်ဘဏ်ခွဲများ ရှိသည်။

အဆိုပါဘဏ်များအနက် ကမ္ဘောဇ၊ ဧရာဝတီနှင့် CB ဘဏ်တို့သာ ယခုလဆန်းမှ စတင်၍ ဖွင့်လှစ်ထားသော် လည်း ကျန်ပုဂ္ဂလိက ဘဏ်များ ဖွင့်လှစ်ခြင်း မရှိပေ။

ပုဂ္ဂလိကဘဏ်အများစုမှ ဘဏ်ဝန်ဆောင်မှုများ ပိတ်ထားသော်လည်း ပြည်သူများ ငွေကြေး ထုတ်ယူနိုင်ရေး အတွက် ATM service များကို ပေးထားသည်ဟု ပြည်သူများက ပြောသည်။

သို့သော် ငွေထုတ်ယူသူများပြားလွန်းသည့်အတွက် ATM စက်များတွင် ငွေပြတ်လပ်မှုများ မကြာခဏဖြစ်နေ သည်ဟုလည်း ပြည်သူများက ဆိုသည်။

အစိုးရဘဏ် နှစ်ခု ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် တပ်မတော်ပိုင် မြဝတီဘဏ်တို့လည်း ယနေ့အချိန်ထိ ပိတ်ထားခြင်းမရှိပဲ လုံခြုံရေး အပြည့်ဖြင့် ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...