ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲနိုင်ရန် တိုင်းရင်းသား ခေါင်းဆောင်အချို့ မျှော်လင့်

ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲနိုင်ရန် တိုင်းရင်းသား ခေါင်းဆောင်အချို့ မျှော်လင့်

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာ စာတမ်းမှတစ်ဆင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ရန် မျှော်လင့်ကြောင်း တိုင်းရင်း သား ခေါင်းဆောင်အချို့က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က CRPH ၏ ဖက်ဒရယ် ပဋိညာဉ်ကြေညာစာတမ်း ထုတ်ပြန်ချက်ကို ကြိုဆို ကြောင်းနှင့် အဆိုပါ ကြေညာစာတမ်းမှ တစ်ဆင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲနိုင်ရန် မျှော်လင့် သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌ ဦးသံခဲ က ပြောသည်။

၎င်းက “ဒီကြိုးပမ်းမှုကလည်း အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုအတွက် လမ်းညွှန်ချက် တစ် နည်းအားဖြင့်ပြောရင် အခြေခံရမယ့်မူတွေ နောက်တစ်ခုကတော့ နိုင်ငံရေးဆိုင်ရာ လမ်းပြမြေပုံတွေပါ နေ တယ်။ ဒါကြောင့် ဒီအတိုင်းသာ အတူတကွ အလုပ်လုပ်နိုင်ကြမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံအတွက် အများ ကြီး ကျနော်တို့ ခုနကပြောသလို တိုးတက်အောင်မြင်မှုတွေ ရှိနိုင်တယ်။ ကျနော်တို့ လိုလားတဲ့ ဒီမိုကရေစီ စံ ချိန်စံညွှန်းတွေ ဖက်ဒရယ်စံ ချိန်စံညွှန်းတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကျနော်တို့ လိုအပ်နေတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ခုကိုလည်း အတူတကွ ရေးဆွဲနိုင်မယ့် အခြေအနေတွေကို ဖြစ်လာနိုင်မယ် လို့ ကျနော်မျှော်လင့် ပါတယ်ဗျာ” ဟု ပြောသည်။

ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်ကလည်း “အခုကြေညာစာတမ်းက ကျနော်နား လည်မှုအရ ပြောရရင်တော့ ကျနော်တို့ အားလုံးရဲ့ အခြေခံ သဘောတူညီ ချက်ပေါ့၊ အခြေခံမူလို့ ပြောလို့ရ တယ်ပေါ့နော။ ဒီအခြေခံမူအပေါ်မှာ မူတည်ပြီးတော့ ဒီအခြေခံ သဘောတူချက်မှာ အခြေခံပြီးတော့ ရှေ့ဆက် ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါသေးတယ်။ ဆိုတော့ တစ်အချက်က ကြေညာလိုက်တဲ့ ပဋိညာဉ် စာတမ်းပေါ်မှာ အခြေခံပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်တဲ့အခါ ကျတော့ ဖက်ဒ ရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံဥပဒေကို ကျနော်တို့ ဆက်လက် ပြီးတော့ ရေးဆွဲပြဌာန်းရအုံးမှာ ဖြစ်ပါ တယ်။ နောက်တစ်ချက်က ယနေ့ကာလမှာ ဒီဖက်ဒရယ် ပြည်ထောင်စု ကို သွားနိုင်ဖို့အတွက်ပေါ့ ယနေ့ကာလ မှာ ကျတော့ ဒီယနေ့သွားနေတဲ့ လူထု တိုက်ပွဲ လူထု တော်လှန်ရေးကိုလည်း အောင်မြင်အောင် ဘယ်လို လုပ် ဆောင်ရမလဲ ဆိုတဲ့အပိုင်းတွေလည်း အများကြီး မူတည်လိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီ ၂ ချက်ကို ကျနော် တို့က ဆက်လက်လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

CRPH ၏ ဖက်ဒရယ် ဒီမိုကရေစိ ပဋိညာဉ် ကြေညာစာတမ်းကို နိုင်ငံရေးပါတီများ၊ လူငယ်များ၊ အမျိုးသမီးများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ သပိတ်တိုက်ပွဲတွင် ပါဝင်နေသူများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများက ပါဝင်ရေးဆွဲထားသည့် စာတမ်းဖြစ်သည်ဟု သိရသည်။

CRPH ၏ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်းအပေါ် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့များ၏ သဘောထားနှင့် ပတ်သက်၍ ပအို့ဝ်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပဋိညာဉ်ကို ကြိုဆိုသော်လည်း လက်ခံအတည်ပြုတာမျိုး မဟုတ်သေးကြောင်း ပြောသည်။

“ကျနော်တို့ကတော့ အဲဒီစာချုပ်ကိုတော့ ကျနော်တို့က ကြိုဆိုရုံပဲ ကြိုးပမ်းမှုအနေနဲ့ ကြိုဆိုတာပေါ့။ CPRH က ကြိုးပမ်းတယ်ဆိုတဲ့ ဟာကို အသိအမှတ်ပြုပြီးတော့ ကြိုဆိုတာပေါ့ စာချုပ်ထဲမှာ ပဋိညာဉ်ထဲမှာ ပါတဲ့ အချက် အလက်တွေက ကျနော်တို့ ဖတ်ရအုံးမယ်ခင်ဗျာ။ အပြန်အလှန်ဆွေးနွေးရအုံးမယ် ဆိုတော့ အဲဒါကိုတော့ ကျ နော်တို့ အဲဒီ ချာတာထဲမှာပါတဲ့ ကိစ္စတွေကိုတော့ ထောက်ခံတာတို့ လက်ခံတာတို့ ကျနော်တို့ မလုပ်သေးပါဘူး။ အဲဒီချာတာကို ကြိုးစားပမ်းစား ထုတ်ပေးတယ်ဆိုတာကိုတော့ ကျနော်တို့က ကြိုဆိုတာပေါ့နော်။ ချာတာပါ အကြောင်းအရာ အားလုံးကိုတော့ လက်ခံအတည်ပြုတယ်ဆိုတာကိုတော့ မဟုတ်သေးဘူး။ မရှိသေးဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

CRPH ၏ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းတွင် ပါရှိသည့် အချို့အချက်အလက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒကို အခြေခံ၍ ဖြစ်လာသည်ကို တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ အင်အားစုများနှင့် ပြန်လည် ဆွေးနွေးညှိနှိုင်းသည့် လမ်းကြောင်းမှတစ်ဆင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲသွားရန် ကယားဒီမိုကရက်တစ်ပါတီ KySDP အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က တိုက်တွန်းသည်။

“ဒီ ပဋိညာဉ်တစ်ခုနဲ့ ပတ်သက်ပြီးတော့မှ ဒါနောက်ဆက်တွဲ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေပေါ့ နော်။ ဥပမာ ဒီ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ဟာတွေ နောက်ဖက်ဒရယ်မူနဲ့ ပတ်သက်တဲ့ကိစ္စ အတွက်လည်း ပြန်လည်ဖိတ် ခေါ်ပြီးတော့မှ အားလုံးပါဝင်ဆွေးနွေးရေး ဆွဲတဲ့ဟာမျိုးတွေ လုပ်ရင်တော့ ပိုကောင်းမယ်လို့ ကျနော်ယူဆပါ တယ်။ ဒီအချိန်မှာကတော့ ဒါ ပြောရမယ်ဆိုလို့ရှိရင် ဒီအချိန်တိုကာလ တစ်ခုကို ဖြတ်သန်းပြီးတော့မှပဲ ဒီပဋိ ညာဉ်စာချုပ်လို့ ပြောရမှာပေါ့နော် ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ချာတာတွေကို ရေးဆွဲကြတာ ဖြစ်တဲ့အတွက် တစ်ချို့တော့ လိုအပ်ချက်တွေ ရှိအုံးမှာပဲ။ ဆိုတော့ တစ်ချို့ကိစ္စတွေ ဆိုလို့ရှိရင်တော့ ကျနော်တို့ လေ့လာ သိရ သလောက်ဆိုရင် ၂၀၀၈ မှာ ပေးထားချက် တစ်ချို့လည်း ပါလာသေးတဲ့ အခါကျတော့ ဒါမျိုးတွေကလည်း မ ဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ကျနော်တို့ ကတော့ သုံးသပ်မိတယ်။ ပြောရမယ်ဆိုလို့ရှိရင် ဖက်ဒရယ် စနစ်တစ်ခု ကို ပိုပြီးတော့မှ ပုံဖော်လာနိုင်တဲ့ လမ်းကြောင်း ကိုတော့ စဉ်းစာဖို့လိုမယ်လို့ ကျနော်တို့ ကတော့ အဲလိုသုံးသပ်မိ ပါတယ်။”

ပြီးခဲသည့် မတ်လ ၃၁ ရက်နေ့က CRPH မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း ကြေ ညာခဲ့သည့်အပြင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြောညာစာတမ်းကိုပါ ထုတ်ပြန်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းကြောင်း CRPH ၏ ထုတ်ပြန်ပြောဆိုမှုများကို နိုင်ငံရေးပါတီများ၊ လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူတစ်ရပ်လုံးက ထောက်ခံ ကြိုဆိုခဲ့ ကြသည်ဟု သိရသည်။

သို့သော် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter ) စာတမ်းပါ ကြားကာလဆိုင်ရာ အချက် အလက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံကာ ရေးဆွဲထားသည်ဟု စာတမ်းအဖြစ် ဝေဖန် ပြောဆိုမှုများ ရှိနေသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...