ရခိုင်တွင် တွင်းရေသောက်၍ လူဆယ်ဦးအော့အန်မှုဖြစ်ပွား

ရခိုင်တွင် တွင်းရေသောက်၍ လူဆယ်ဦးအော့အန်မှုဖြစ်ပွား
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မကျည်းကျွန်းကျေးရွာ၌ မေလ ၂ ရက်နေ့ နေ့လည် ၁ နာရီခန့်အချိန်က ရေတွင်းထဲမှရေကို သောက်သုံးမိသည့် ကျေးရွာသား ၁၀ ဦး တို့မှာ မူးဝေအော့အန်မှုများ   ဖြစ်ပွားခဲ့ပြီး ခွေး ၂ ကောင် သေဆုံးသွားကြောင်း မကျည်းကျွန်း ဒေသခံများက ပြောသည်။

အဆိုပါ ရေတွင်းမှာ ကျေးရွာသားများ မှီခိုနေကြသည့် ရေတွင်းဖြစ်ပြီ ယင်းရေကို နေ့စဉ်သောက်သုံးလျှက် ရှိကြသော် လည်း  ယခုကဲ့သို့ မကြံုဖူးကြောင်း၊  ကျေးရွာသားများမှာ ၎င်းတွင်းထဲမှရေကို အသုံးမပြုရန်အတွက် အခက်အခဲဖြစ်နေ ကြကြောင်း သိရသည်။

“ရေ အဆိပ်မိတယ်လို့တော့ ပြောလို့မရသေးပါဘူး။ ဖြစ်တာက ရေသောက်ပြီးနောက်ပိုင်းမှာ မူးလာတယ်။ ထိုင်းမှိုင်းပြီး တောာ့ ဖြစ်သွားတယ်။ နောက် ကန်စွန်းရည်တို့ သကြားရည်တို့တို့ပြီး အဆိပ်ပြယ်အောင် လုပ်လိုက်တော့ အဆင်ပြေသွားတယ်။ အဲဒီရေကို ဓာတ်ခွဲခန်းကို ပို့ထားပါတယ်။ သောက်တဲ့လူတိုင်းလည်း မဖြစ်ဘူး။ ခွေးနှစ်ကောင်တော့ အဲဒီရေကို မနက်ပိုင်းသောက်ပြီး ညနေသုံးနာရီလောက်မှာ သေဆုံးသွားတယ်လို့ ပြောကြပါတယ်”ဟု မကျည်းကျွန်း ကျေးရွာမှ ကိုလှမျိုးကပြောသည်။

ယင်းရေကို သောက်သူတိုင်း အဆိုပါဝေဒနာကို မခံစားကြရသော်လည်း လူ ၁၀ ဦးလျှင် ရ ဦးခန့်ထိ ဖြစ်ပွားခဲ့သည့်အတွက်  ရေအဆိပ်သင့်မှု ဟုတ်မဟုတ်နှင့် ဖြစ်ပွားရသည့်အကြောင်းရင်းကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကျန်းမာရေးဌာနမှ တစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပြီး ဓါတ်ခွဲစမ်းသပ်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
 
“ဒီရေကို သောက်လို့ ဖြစ်တယ်လို့လည်း အတိကျပြောဖို့အတွက် မသေချာဘူး။ ရေတွင်းကို သန့်ရှင်းလိုက်ပြီးတော့ အသစ်ရရှိလာတဲ့ရေကို သောက်ကြတဲ့အခါမှာ လူတွေကအဲဒီလို ဖြစ်နေကြတာပါ။ အခုတော့ အဲဒီရေတွင်းကို ပိတ်ထားပါတယ်”ဟု မကျည်းကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းက ပြောသည်။

၎င်းရေတွင်း၌ ရေခတ်ရန်အသုံးပြုနေသည့် ရေပုံးတစ်လုံးတည်းသာရှိပြီး လာရောက် ရေသောက်ကြသူများ၏ မသန့်ရှင်းမှုများ၊ စိုက်ခင်းများမှ ပိုးသတ်ဆေးဖြန်းပြီး ပြန်လာသူများ ရေကိုအသုံးပြုခြင်းတို့ကြောင့်ဖြစ်နိုင်ပြီး  ရေတွင်းကို တူးဖော်သန့်ရှင်းမှုများ ပြုလုပ်လိုက်သဖြင့် ရေတွင်းထဲမှ အဆိပ်သင့်စေသည့် ဓာတ်ငွေ့တစ်ခုခု ထွက်လာခြင်းကြောင့်လည်း ဖြစ်နိုင်ချေရှိကြောင်း အုပ်ချုပ်ရေးမှူးက ကောက်ချက်ချသည်။

ရမ်းဗြဲမြို့သည် ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ဟန်တာပင်လယ်အတွင်းမှ ရေနံနှင့်သဘာဝဓါတ်ငွေ့ ထုတ်ယူနေသည့် နေရာနှင့် အနီးစပ်ဆုံးတည်ရှိသော ကျွန်းပေါ်တွင်တည်ရှိသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...