မွန်ပြည်နယ် ဒေသအချို့ သောက်သုံးရေ အခက်တွေ့

မွန်ပြည်နယ် ဒေသအချို့ သောက်သုံးရေ အခက်တွေ့

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် သောက်သုံးရေအခက်အခဲများ စတင်ကြုံတွေ့နေရသည်ဟု ဒေသခံ များ နှင့် ရေပေးဝေ လှူဒါန်းနေသူအချို့၏ ပြောပြချက်များ အရ သိရသည်။

ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်း၊ ဘီးလင်း အစရှိသည့်  မြို့နယ်တို့တွင် မတ်လဆန်းပိုင်း ခန့်မှစ၍ သောက်သုံးရေအခက်အခဲ စတင်ကြုံတွေ့လာရပြီး အချို့ဒေသတွင် ရေကို ဝယ်သုံးနေရပြီ ဟု ဒေသခံ များ က ပြောသည်။

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အများစုကို အဓိက ရေဖြန့်ဝေပေးနေသည့် ရွှေနတ်တောင်ဆည်နှင့် ကင်မွန်းခြုံ ဆည်တို့တွင်လည်း ရေများ ခမ်းခြောက်လာသည့်အတွက် ရပ်ကွက်အချို့တို့တွင် ရေစတင်ပြတ်လပ်နေသည်ဟု ရပ်ကွက်နေသူတို့က ပြောသည်။

“ခါတိုင်းနှစ်ထက် ဒီနှစ်က ရေစောပြီး ပြတ်တယ်၊ ဆည်တွေမှာလည်း ရေတော်တော်ကျသွားတယ်၊ အခုကတော့ ရေကို ဝယ်သုံးနေတာပေါ့၊ ခါတိုင်းနှစ်လည်း ရေ ဝယ်ရတာပဲ၊ လာလှူပေးတာလဲရှိပါတယ်။ ဒီနှစ်ကတော့ ဘယ် လိုလာမလဲတော့ မသိဘူး လောလောဆယ်တော့ ဝယ်နေရတယ်” ဟု မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် နေ ပြည် သူတစ်ဦး က ပြောသည်။

ရာသီဥတု ပူပြင်းသည့်အတွက် ဆည်ရေများအပြင် ရေတွင်း၊ ရေကန်များလည်း ခမ်းခြောက်လာကြောင်း ယခု နှစ်သည် ယမန်နှစ်ကထက် ရေစောပြီး ခမ်းခြောက်မှုဖြစ်နေကြောင်း ဒေသခံများ က ပြောသည်။

“ရာသီဥတု တအားပူလာတော့ ရေတွင်းကရေတွေလည်း စခမ်းနေပြီး၊ တန်ခူးလတောင်မရောက်သေးဘူး၊ အခု ကတည်းက ရေက ခမ်းနေပြီးဆိုရင် ဒီနှစ်လည်း ရေ ဒုက္ခရောက်အုံးမယ်” ဟု မုဒုံမြို့နယ်မှ ဒေါ်ခင်ရီက ပြော သည်။

ယခင်နှစ်က မွန်ပြည်နယ်အတွင်း ရေရှားပါးမှုနှင့် သောက်သုံးရေအခက်အခဲ ပြဿနာကို သင်္ကြန်ကာလအပြီး နောက် မေလဆန်းခန့်မှသာကြုံခဲ့ရသော်လည်း ယခုနှစ်တွင် မတ်လဆန်းမှစတင်၍ ကြုံနေရပြီး ယခုလတွင် ပိုမိုဆိုးရွားလာသည်ဟု ဒေသခံများက ပြောသည်။

ယမန်နှစ်များက သောက်သုံးရေ ရှားပါးသည့် ရပ်ကွက် ကျေးရွာများသို့ ကျေးလက်ဦးစီးဌာန၊ သက်ဆိုင်ရာ မြို့ နယ် မီးသတ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဒေသခံအလှူရှင်များ က ရေပေးဝေလှူဒါန်းမှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် ရေပေးဝေလှူဒါန်းမှုမရှိမည်ကိုလည်း ဒေသခံများ က စိုးရိမ်နေကြသည်။

မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့တွင် နွေရာသီကာလအတွင်း ရေရှားပါးမှု နှစ်စဉ် နှစ်တိုင်း ကြုံတွေ့ရလေ့ရှိပြီး ယမန်နှစ်မှစကာ မြို့နယ်အားလုံးနီးပါးတို့တွင် ရေရှားပါးမှု ဆိုးဆိုးရွားရွား ကြုံတွေ့လာခဲ့ရသည်။

ပြည်နယ်အတွင်းက ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရေး ပြည်နယ်အစိုးရက ဘတ်ဂျတ်သိန်းပေါင်းများစွာ ကုန်ကျခံ ဆောင်ရွက်နေသော်လည်း ရေရှားမှုပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...