ဖမ်းဆီးခံ မွန်ဝန်ကြီးချုပ် အဆက်အသွယ်မရသေး

ဖမ်းဆီးခံ မွန်ဝန်ကြီးချုပ် အဆက်အသွယ်မရသေး

ဖမ်းဆီး တရားစွဲဆိုခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား ဖမ်းဆီးခံရချိန်မှ နှစ်လနီးပါး ကြာလာသည်အထိအဆက်အသွယ်မရသေးကြောင်း NLD ပြည်နယ် အတွင်းရေးမှူး ဦးငွေမြင့်က ပြောသည်။

ဒေါက်တာအေးဇံကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တပ်ဖြိုခွဲမှု ပုဒ်မများဖြင့် တရားစွဲဆိုထားသော်လည်း အမှု စီရင်မှု မရှိသေးကြောင်းပြည်နယ် NLD တာဝန်ရှိသူတို့ထံမှ သိရသည်။

“အခြေအနေကတော့ ဘာမှမထူးသေးဘူး။ ရုံးထုတ်တာ ဘာညာ ဘာမှမရှိသေးဘူး။ တရားစွဲထားတာပဲရှိတယ်။ ဘာမှတော့ လှုပ်ရှားမှုမရှိဘူး၊ ထူးခြားမှု မရှိသေးဘူး။ အခုချိန်ထိတော့ ဘာမှတော့ ထွက်မလာသေးဘူးပေါ့ လေနော်။ တရားစွဲထားတယ်ဆိုတာလောက်ပဲ အဲ့အဆင့်မှာပဲ ရပ်နေသေးတယ်” ဟု ဦးငွေမြင့်က ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့ကာ နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးအိမ်ရာတွင် နေထိုင် ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို စစ်တပ်က ပြန်လည် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဝန်ကြီးချုပ်ကို CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် video ဖြင့် ပြောကြားခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တရားစွဲခံထားရသည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) သည်  ပြစ်ဒဏ်စီရင်ခံရပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ် ကျခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန် ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့ တည်းမဟုတ် ထိုသို့ပြုစေသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပေးထားသည်။



ဝန်ကြီးချုပ်အပြင် NLD လွှတ်တော်ကိုယ်စားလှယ်အချို့တို့ကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တွင် ပါဝင်ခဲ့သည်၊ ပတ်သက်မှုရှိသည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) တို့ဖြင့် တရားစွဲ ခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုခံထားရသည့် ကိုယ်စားလှယ်များထဲတွင် ဝန်ကြီးချုပ်နှင့် သထုံမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဒေါ်မာမာခိုင်တို့ နှစ်ဦးသာ ဖမ်းဆီးခံထားရပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံထားရခြင်း မရှိပဲ ထွက်ပြေးတိမ်းရှောင်နေရသည်။

NLD လွှတ်တော်ကိုယ်စားလှယ်များ တရားစွဲဆိုခံရပြီး ဖမ်းဆီးမှုရှိလာခြင်းကြောင့် လက်ရှိတွင် NLD ပါတီဝင်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...