ယုဇန ကုမ္ပဏီ ခြံဝင်းကို KIA တိုက်ခိုက်

ယုဇန ကုမ္ပဏီ ခြံဝင်းကို KIA တိုက်ခိုက်

 ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ယုဇနခြံဝင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

KIA နှင့် အာဏာ သိမ်း စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ဘန်ကောက်ကျေးရွာရှိ ယုဇန ကုမ္ပဏီခြံဝင်း အတွင်းထဲရှိ အဆောက်အဦ တစ်ချို့လည်း မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

 

ဧပြီလ ၁ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်က ဘန်ကောက်ကျေးရွာထဲရှိ ယုဇနကုမ္ပဏီခြံဝင်း ကို KIA က ဝင် ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦး များ ကပြောသည်။

 

အမည်မဖော်လိုသူ ဒေသခံတစ်ဦး က “ဒီနေ့ မနက်လို့ ပြောရမှာပေါ့နော် မနက် ၂ နာရီလောက်က ဖြစ်သွား တာပါ။ ဒီမနက်ပိုင်း ၂ နာရီလောက်မှာ ယုဇနကုမ္ပဏီရဲ့ စက်ယန္တယားထားတဲ့ စက်တဲနှစ်တဲ မီးလောင်သွား တယ်လို့ ကြားရတယ်။ စက်တဲတွေက အကြီးကြီးတွေပဲ။ ရွာသားတွေ ပြောတာတော့ အဲ့မှာ စစ်တပ်က လည်း ရောက်နေတယ်တဲ့။ အဲ့ဒါကို ဝင်တိုက်တယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

 

“ကုမ္ပဏီရဲ့ စက်ယန္တယားထားတဲ့နေရာဆိုတော့ အဲဒီတဲထဲက စက်တွေ၊ ကားတွေ၊ ဘိုဒိုဇာတွေ နောက်ပြီး လမ်းကြိတ်တဲ့စက်တွေလည်းပါသွားတယ်လို့ ပြောတယ်။ မနက် ၂ နာရီလောက်ကနေ မီးလောင်သွားတာ ဒီနေ့ မနက်မိုးလင်းတဲ့အထိ မီးလောင်နေတာ ဒီကုမ္ပဏီဝင်းထဲမှာက။ ပြည်သူတွေ ထိခိုက်တာတော့ မရှိ ဘူး။”

 

ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီခြံဝင်းကို KIA တပ်ရင်း ၁၄ က မီးရှို့ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံ များက ပြောသည်။

 

ယခုမီးရှို့ခံခဲ့ရသည့် ယုဇနကုမ္ပဏီသည် ၂၀၀၆ ခုနှစ် မှ စတင်၍ ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်း အတွက်ဟု ဆိုကာ ဒေသခံပြည်သူများ၏ မြေယာဧက ၃ သိန်းထက်မနည်း သိမ်းယူခဲ့သည့်အတွက် မကြာခနဆိုသလို ဒေသခံပြည်သူများနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

 

ထို့အပြင် ယနေ့နံနက်ပိုင်း က ဖားကန့်မြို့နယ်အတွင်းရှိ ဒွမ်ဘုံခကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဒွမ်ဘုံခကျေးရွာအနီးတွင် KIA တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၁၁ နှင့် အာဏာသိမ်းစစ်ကောင်စီတို့ အကြားက တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦး က ယခုကဲ့သို့ ပြောသည်။

 

“တိုက်ပွဲက ဒီနေ့ မနက် ၉ နာရီနဲ့ ၁၀ နာရီကြားမှာ ဒွမ်ဘုံအလွန်ပေါ့၊ နမ္မတီးနဲ့ ဒွမ်ဘုံလမ်းကြားပေါ့ ဖားကန့်မြို့နယ်၊ ဒွမ်ဘုံးကျေးရွာအလွန်မှာ တိုက်ပွဲတစ်နာရီကြာလောက်ဖြစ်တယ်လို့ ကြားရတယ်။ တနိုင်း ဒကစ တပ်ရင်း ၃၁၈ နဲ့ ဖြစ်တယ်လို့တော့ ယူဆလို့ရတယ်။ KIA တပ်ကတော့ ဘယ်တပ်က ဆိုတာ မသိနိုင် သေးဘူး။ ထိခိုက်ကျဆုံးကျတော့ ကျနော်တို့က ဒေသခံဆိုတော့ ဘာမှ မသိရဘူး ဘာမှ မကြားရ ဘူး။”

 

နှစ်ဖက်ကြား တစ်နာရီနီးပါးခန့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က ကျေး ရွာအနီးတဝှိုက်လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်နေကြသည်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်တပ်တို့အကြား မတ်လ ၁၁ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်

ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
August 13, 2026
ရေဘေးနှင့် စစ်ဘေး အလူးအလဲခံနေရသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦး အထိ...
August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...