ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်စခန်းများကို အာဏာသိမ်းကောင်စီက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့်အတွက် ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းနှင့် တနိုင်း-ဟူးကောင်းဒေသအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ တပ်ရင်း ၁၁ နှင့် တပ်ရင်း ၁၄ တပ်စခန်းများကို စစ်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
တပ်ရင်း ၁၄ နယ်မြေအတွင်း စစ်လေယာဉ်ဗုံးကြဲခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ဟူးကောင်းဒေသက အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လေယာဉ်နဲ့ လာပစ်တာဟုတ်ပါတယ်။ လေယာဉ်နဲ့ ဗုံးလေးလုံးကျဲခဲ့ တယ်။ အိမ်က ငါးလုံးလောက် ပျက်သွားတယ်။ လူတွေထိခိုက်တာတော့ မရှိဘူး” ဟု ပြောသည်။
ထို့အပြင် အခြားဒေသခံတစ်ဦး က လည်း “လေယာဉ်နှစ်စီးနဲ့လာပစ်သွားတာပါ။ လေယာဉ်နဲ့လာပစ်လို့ ဒီက KIA က တာဝန်ခံတွေက အဲ့နားကလူတွေကို ထွက်ခိုင်းတယ်။ ပြီးတော့ အဲ့ဒီနေရာနဲ့ အနီးအနားမှာ နေတဲ့လူတွေ တချို့ ရှိတယ်လေ သူတို့ကိုလည်း လုံခြုံတဲ့နေရာကို ခနပြောင်းခိုင်းထားတယ်တဲ့။ အခြေအနေကတော့ အရမ်း ကြီး မစိုးရိမ်ရပေမယ့် အားလုံးကတော့ မလုံခြုံကြတော့ဘူး။ ဒီနေ့ ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာပါ လာ ပစ်တာပါ။ အိမ်လေးငါးလုံး အကုန်ပျက်ဆီးသွားတယ်” ဟု ပြောသည်။
အလားတူ ယနေ့ညနေ ၅ နာရီ ကျော် အချိန်ခန့်က မိုးကောင်းမြို့နယ်အတွင်းရှိ KIA တပ်ရင်း ၁၁ နေရာသို့လည်း စစ်တပ်က လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
“ဟုတ်ပါတယ်။ လေယာဉ်နှစ်စီးနဲ့ လာပစ်သွားတယ်။ ဗုံး နှစ်လုံးလာကြဲသွားတယ်။ ထိခိုက်တာတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လေကြောင်း တိုက်ခိုက်မှု လုပ်ရာ KIA တပ်စခန်းများ အနီးအနားရှိ ကျေးရွာများမှ ဒေသခံအချို့ ကတုတ်ကျင်းတွင် ဝင်ရောက်နေခဲ့ရသည်ဟု သိရသည်။
ထို့အပြင် ယနေ့ နေ့လည်ပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာအနီးတွင်လည်း ကချင်လွတ်လပ်ရေး တပ် မတော် KIA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဂါးရာယန်ကျေးရွာအနီး ရောက်ရှိနေ ကြသည့် ပြည်သူများ ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။
မတ်လ ၂၈ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက တိုက်ပွဲများတွင် လည်း အာဏာသိမ်းစစ်ကောင်စီက လေယာဉ်ထိုးစစ်များဖြင့်ပါ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ် ပွားခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်တပ်တို့အကြား အာဏာသိမ်းပြီးနောက် မတ်လ ၁၁ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်။







