ဒေါက်တာဗညားအောင်မိုးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်

ဒေါက်တာဗညားအောင်မိုးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်

ဒေါက်တာဗညားအောင်မိုးအား   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်း မတ်လ ၁၇ ရက်ညပိုင်း အစိုးရရုပ်သံ MRTV က ကြေညာခဲ့သည်။

မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်ဝင် ဒေါက်တာဗညားအောင်မိုးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းလည်း ဖြစ်သည်။

ဒေါက်တာဗညားအောင်မိုးက “ကျနော်တို့ဟာ နိုင်ငံရေးသမားတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ပါတီရဲ့ နိုင်ငံရေးမူဝါဒအရ တိုင်းရင်းသားတွေမျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို နိုင်ငံရေးစားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ ဆွေး‌နွေးအဖြေရှာဖို့ လိုအပ်တယ်၊ အာဏာရှင်ဝါဒကို ဘယ်သူမှလည်း လက်မခံကြပါဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် MUP ပါဝင်သင့်ကြောင်း  ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သည့် ဗဟိုကော်မတီအရေးပေါ်အစည်းအဝေးက ကိုယ်စားလှယ် ၃ ပုံ ၂ ပုံကျော် ထောက်ခံမဲဖြင့် ဆက်လက်အတည်ပြုခဲ့အပြီး နစကကောင်စီက ဒေါက်တာဗညားအောင်မိုးအား အဖွဲ့ဝင်အဖြစ် ခန့်အပ်လာသည်ကို တွေ့ရှိရသည်။  

“နစကကောင်စီမှာ ပါဝင်သင့်မသင့် ဒီကိစ္စအပေါ် အဖက်ဖက်က ကျနော်တို့ ထောင့်စုံကနေ စဉ်းစားသုံးသပ်ကြပြီးတော့ လက်ခံလိုက်တာဖြစ်ပါတယ်၊ ကျနော်တို့ပြည်သူတွေကို ပါတီက ကတိပေးခဲ့တဲ့အတိုင်း ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး မွန်စာပေယဉ်ကျေးမှုရေးရာကိစ္စအပါအဝင် ဒေသဖွံ့ဖြိုးရေးတွေအတွက် အခုလို ကမ်းလှမ်းချက်ကို ကျနော်တို့လက်ခံလိုက်တာပါ” ဟု ဒေါက်တာဗညားအောင်မိုးက ဆိုသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်နေသော လက်ရှိအခြေအနေကို သက်ဆိုင်ရာအင်အားစုများမှ စိတ်ရှည်သည်းခံမှုဖြင့် အကြမ်းဖက်မှုများမဖြစ်ပေါ်လာအေင် ညင်သာစွာကိုင်တွယ်ဖြေရှင်းကြပါရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို နှလုံးသွင်း၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ရှေးရှုလျှက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုအလေးထားပြီး အင်အားစုအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းထားသည်။

ထို့အတူ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီမှ နိုင်လယိတမကို နစကကောင်စီက ခန့်အပ်တာဝန်ပေးခဲ့ပြီး ဖြစ်သည်။

အလားတူ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီ ဒုတိယဥက္ကဋ္ဌ (၄) ဦးကျော်ငြိမ်းကို ပါတီမှ နုတ်ထွက်ခွင့်ပြုပြီး ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ဒုဥက္ကဌ စောဒန်နီယယ်ကို ပါတီမှ နုတ်ထွက်ခွင့်ပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်လျှက်ရှိကြောင်း တွေ့ရှိရသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအဖြစ် ရခိုင်အမျိုးသားပါတီ ANP မှ ဒေါ်အေးနုစိန်၊ ကရင်ပြည်သူ့ပါတီမှ ဖဒိုမန်းငြိမ်းမောင်၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေနှင့် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းလုံးဆိုင်တို့ ပါဝင်ကြောင်း သိရသည်။  

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...