KIO/KIA ကိုထောက်ခံသည့် လှုပ်ရှားမှုများ ကချင်ပြည်နယ်တွင် ပြုလုပ်လာ

KIO/KIA ကိုထောက်ခံသည့် လှုပ်ရှားမှုများ ကချင်ပြည်နယ်တွင် ပြုလုပ်လာ

ကချင်ပြည်နယ်၏ မြို့နယ်အချို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို လူငယ်များက ဆင်နွဲနေကြရာတွင် KIO/KIA ကိုထောက်ခံသည့် စာတမ်းများလည်း ကိုင်ဆောင်လာကြသည်ကိုတွေ့ရသည်။

မတ်လ ၁၁ ရက်နေ့မှစတင်ပြီး မိုးညှင်းခရိုင်အတွင်း အာဏာသိမ်းစစ်တပ်၏ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စတင်တိုက်ခိုက်သည့်နောက်မှစတင်ပြီး မြို့တွင်းဆန္ဒဖော်ထုတ်မှုများတွင် ယခုလို ထောက်ခံလာခြင်းဖြစ်သည်ကို တွေ့ရသည်။

“CRPH အနေဖြင့် EAOs တွေနဲ့ အမြန်ဆုံး မဟာမိတ်ပြုရန်”၊ “ပြည်သူ့ဆန္ဒကို အလေးထားသော KIO/KIA အား ကြိုဆိုထောက်ခံပါသည်”၊ “Crimes against Humanity နှင့် War Crimes တို့ကိုကျူးလွန်သော အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် စစ်တပ်အား ရှုံ့ချရေး”၊ စစ်ရှောင် IDPs များကို ကူညီဝန်းရံပေးရေး” စသည့် စာသားပါ ကြွေးကြော်သံ ဆိုင်းပုဒ်များကို လူငယ်များက ကိုင်ဆောင်နေကြပါသည်။

KIO/KIA ကို ထောက်ခံသည့်ဆန္ဒဖော်ထုတ်မှုများကို မြစ်ကြီးနား၊ ဝိုင်းမော်နှင့် နမ္မတီး အပြင် အခြားမြို့နယ်များတွင်လည်း တွေ့ရသည်။ မတ်လ ၁၃ ရက်နေ့ မြစ်ကြီးနားဆန္ဒဖော်ထုတ်ပွဲတွင် KIO/KIA ကိုထောက်ခံသော စာသားကိုင်ဆောင်သော အမည်မဖော်လိုသူ လူငယ်တစ်ဦးက ယခုလိုပြောသည်။

“အခြေအနေအရ ကျွန်မတို့ သပိတ်စစ်ကြောင်းကို ပြောက်ကျား စနစ်ဖြင့် မြို့တွင်းနေရာအနှံ့ မှာ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီကနေ့ သပိတ်ရဲ့ အဓိကတောင်းဆိုလိုတဲ့ ကြွေးကြော်သံတွေကတော့ CRPH အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ အမြန်ဆုံး ထိရောက်စွာ မဟာမိတ်ပြုနိုင်ဖို့။ ပြီးတော့ ဆန္ဒပြ ပြည်သူတွေဘက် ရပ်တည်ကာကွယ်ပေးတဲ့ KIO/KIA ကိုလည်း ကြိုဆိုထောက်ခံကြောင်းရယ်တွေပေါ့။ ဒါ့ပြင် ခုတလော အာဏာသိမ်း စစ်တပ်နှင့် KIA ကြားတိုက်ပွဲတွေ ပို ပြင်းထန်လာသောကြောင့် စစ်ရှောင်ပြည်သူများရဲ့ အခြေအနေ ပိုမိုခက်ခဲလာပါတယ်။ ဒါကြောင့် စစ်ရှောင်ပြည်သူများ (IDPs) တွေကိုလည်း ပြည်သူတို့ ကူညီဝန်းရံပေးဖို့လည်း ကျွန်မတို့သပိတ်စစ်ကြောင်းကနေ တောင်းဆိုလိုပါတယ်။ နောက်ဆုံးက အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေအပေါ် လူမဆန်သော အကြမ်းဖက် ဖြစ်ရပ်တွေကိုလည်း ရှုံ့ချတဲ့ သဘောထားကိုလည်း ပြသချင်လို့ပါ။”

ဤကဲ့သို့ မြို့ပေါ်တွင် ဆန္ဒပြပွဲများရှိနေသည့်အချိန်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းနေရာအနှံ့တွင် အာဏာသိမ်းကောင်စီ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည်။

KIO အနေဖြင့် ဆန္ဒပြပြည်သူများ၏ အာဏာရှင်ဆန့်ကျင်သည့် လှုပ်ရှားမှုအား ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဆန္ဒပြပြည်သူများအား စစ်တပ်မှ အကြမ်းဖက်နှိမ်နှင်းမှုရှိလာပါက KIO အနေဖြင့် ငြိမ်နေမည်မဟုတ်ဘဲ ပြည်သူကို ကာကွယ်နိုင်ရန် လှုပ်ရှားမှုပြုလာမည်ဖြစ်ကြောင်းကိုလည်း သတင်းမီဒီယာများမှတဆင့် လူထုထံအသိပေးပြီးသား ဖြစ်သည်ကို သိရသည်။

မတ်လ ၈ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သော အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် အာဏာသိမ်းကောင်စီ၏ စစ်တပ်မှ အကြမ်းဖက် သေနတ်ပစ်ခတ် ဖြိုခွင်းမှုကြောင့် ဆန္ဒပြ ပြည်သူနှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ထိုဖြစ်ရပ်အပြီး ၂ ရက်အကြာ မတ်လ ၁၁ ရက်မှစ၍ ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို KIA က ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်လာသည်။

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...