ရန်ကုန်တိုင်း ၆ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး Martial Law ကြေညာ တရုတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံ‌ရေးကို အာမခံချက်ပေးရန် တရုပ်သံရုံးတိုက်တွန်း

ရန်ကုန်တိုင်း ၆ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး Martial Law ကြေညာ တရုတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံ‌ရေးကို အာမခံချက်ပေးရန် တရုပ်သံရုံးတိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီး ၆ မြို့နယ်တွင် မတ်လ ၁၄ ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်ကြောင်း၊ အလားတူ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ပေးရန်နှင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို မဖျက်ဆီးမိစေရန် တိုက်တွန်းပါကြောင်း ရန်ကုန်မြို့တရုပ်သံရုံးက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့်  မြောက်ဥက္ကလာပမြို့နယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြေ့သာစည်၊ မဟာအောင်မြေနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ-နစကမှ အမိန့်ထုတ်ပြန်လိုက်ကြောင်း တွေ့ရှိရသည်။

အဆိုပါ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းမှူးကိုယ်တိုင်ဖြစ်စေ စစ်နယ်မြေမှူးများဖြစ်စေ တာဝန်လွှဲအပ်ပြီး ကျင့်သုံးနိုင်ကြောင်း နစကအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့နေ့လယ်ပိုင်းက လှိုင်သာယာမြို့နယ် သပိတ်ကို စစ်သားများနှင့်ရဲများ အင်အားသုံးပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် အနည်းဆုံး လူ ၃၈ ထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းဖော်ပြသည်။

အဆိုပါဆန္ဒပြပွဲနှင့်ဆက်စပ်၍ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်ပိုင် ဂလိုဘယ်ဖက်ရှင် အထည်ချုပ်စက်ရုံနှင့် ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံတို့ကို သံတုတ်များ၊ ပုဆိန်များနှင့် ဓါတ်ဆီများ သယ်ဆောင်လာသော လူ ၂၀ ကျော်တို့က ဆိုင်ကယ်ဖြင့် လာရောက်ကာ လုံခြုံရေးများကို ရိုက်ပြီး စက်ရုံအဝင်ပေါက်များနှင့် ဂိုထောင်များကို မီးရှို့သည်ဟု တရုတ်သတင်း CGTN က ရေးသားသည်။

ယခု ဖျက်ဆီးလုယက်မီးရှို့ခံရသည့်လုပ်ရပ်သည် အခြေအနေအလွန်ပြင်းထန်ဆိုးဝါးလှပြီး မြန်မာအစိုးရဘက်မှ ထိရောက်သည့် အစီအမံဆောင်ရွက်၍ အကြမ်းဖက် လုပ်ရပ်အားလုံး ရပ်တန့်စေပြီး သက်ဆိုင်ရာကျူးလွန်သူအား ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးရန်၊ မြန်မာပြည်သူများကိုလည်း ဥပဒေနှင့်ညီညွတ်စွာ တောင်းဆိုချက်များကို ဖော်ထုတ်ရန် ရန်ကုန်မြို့ရှိ တရုပ်သံရုံးက သတိပေးထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့ထိ မတရားအကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၁၂၆) ဦးဖြစ်ပြီး လက်ရှိ အချိန်အထိ လူ (၁၈၃၇) ဦး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း သိရသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...