ပြည်သူနှင့်အတူ ရပ်တည်ကြောင်း ကရင်ပြည်နယ် လျှပ်စစ်မှူး ထုတ်ဖော်ပြောဆို

ပြည်သူနှင့်အတူ ရပ်တည်ကြောင်း ကရင်ပြည်နယ် လျှပ်စစ်မှူး ထုတ်ဖော်ပြောဆို

ကရင်ပြည်နယ် ဖားအံမြို့တွင် ယနေ့( ဖေဖော်ဝါရီလ ၁၀ ရက်) ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒ ထုတ်ဖော်မှုတွင် ကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများ အပါအဝင် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူးပါ ပြည်သူနှင့် အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

သုံးရက်မြောက်ရှိလာပြီးဖြစ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖားအံလူထုလှည့်လည် ဆန္ဒထုတ်ဖော်မှုအတွင်း ဆန္ဒ ထုတ်ဖော်သည့် ပြည်သူများနှင့် တွေ့ဆုံစဉ် ၎င်းက ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်လည်းဝန်ထမ်းဆိုပေမယ့် ပြည်သူထဲက ပြည်သူပဲဖြစ်ပါတယ်။ အဓမ္မကို ဓမ္မအနိုင်ယူမယ်လို့ ယုံကြည်ပါတယ်။ မှန်ကန်တဲ့ဘက်ကနေ ကျနော်တို့ ရပ်တည်ပါမယ်။ လျှပ်စစ်ဓါတ်အား မပြတ်တောက်ရေး ကူညီဆောင်ရွက်မှု ပြုလုပ် နေသလို ပြည်သူတွေရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အားပေးပါတယ်။ ဂုဏ်ယူပါတယ်။”ဟု သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသိန်းရွှေက ပြောသည်။

ထို့အပြင် မလိုလားအပ်သည့် အဖျက်အမှောက်များကြောင့် လျှပ်စစ်ကို မှီခိုနေရသည့် ပြည်သူများ မီးပြတ်လပ်မှု မရှိရ လေအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ ပြည်နယ်ဂုဏ်ဆောင်ကာယအလှမယ် နန်းထက်ထက်လင်းလည်း ယနေ့ ဆန္ဒဖော်ထုတ်မှုတွင် တတတ် တအား ပါဝင်ခဲ့သလို သူမနှင့်အတူ အလှဖန်တီးရှင်များ၊ ဒီဇိုင်နာများကလည်း ထူးခြားသည့် ဆန္ဒထုတ်ဖော်မှုပုံစံများ ဖြင့် ပူးပေါင်းပါဝင်ကူညီခဲ့ကြသည်။

လူထုဆန္ဒဖော်ထုတ်မှုတွင် စုရပ်အဖြစ် အ.ထ.က(၁)ကျောင်းရှေ့မှ စတင်ကာ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ပြည်နယ် စုပေါင်း ရုံးဝင်းရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် ၎င်းလမ်းမတစ်လျှောက်ရှိသည့် ပြည်နယ် လျှပ်စစ်ရုံးရှေ့နှင့် မြန်မာ့စီးပွား ရေးဘဏ်ရှေ့များသို့ ချီတက်လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ပြုလုပ်သည့် ဖားအံလူထုဆန္ဒထုတ်ဖော်မှုအပေါ်ထူးခြားသည့် တစ်စုံတစ်ရာ ကန့်ကွက်တားဆီးနှိမ်နှင်းခြင်း မရှိ ကြောင်းသိရပြီး ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပညာရေးဝန်ထမ်းများလည်း ပြီးခဲ့သည့်ရက်များထက် အများအ ပြား ပူးပေါင်းပါဝင်လာကြောင်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...