ချီဖွေမြို့နယ် ဂျိတ်လွယ်ရွာအနီး မြေရှားသတ္တုတူးဖော်ရန်ကြိုးပမ်းမှု ဒေသခံများ စိုးရိမ်

ချီဖွေမြို့နယ် ဂျိတ်လွယ်ရွာအနီး မြေရှားသတ္တုတူးဖော်ရန်ကြိုးပမ်းမှု ဒေသခံများ စိုးရိမ်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဂျိတ်လွယ်ကျေးရွာအနီး မြေရှားသတ္တု တူးဖော်နိုင်ရေး ကြိုးပမ်းလုပ် ဆောင်မှုများ ရှိနေသည့်အတွက် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဂျိတ်လွယ်ကျေးရွာမှ နှစ်မိုင်ခန့်အကွာတွင် ရှိသည့် ရှီးဇော်တွင် မြေရှားသတ္တု တူးဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် တရုတ်အလုပ်ရှင်၏ ကိုယ်စားလှယ် နှစ်ဦးနှင့် သက်ကြီးပိုင်းရွာခံ နှစ်ဦးတို့က ကျန်သည့် ကျေးရွာဒေသခံများကို လိုက်လံစည်းရုံးနေကြောင်း ဒေသခံတဦးက ပြောသည်။

ဒေသခံများနှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသည့်အပြင် သဘောတူညီကြောင်း လက်မှတ်ထိုးရန် လူငယ်နှင့် လူလတ်ပိုင်းများအစား သက်ကြီးရွယ်အိုများကို အဓိကထား စည်းရုံးနေကြောင်းလည်း ဆိုသည်။ ဒေသခံများအနေဖြင့် ထိုသို့ တူးဖော်မည့်အပေါ် ကန့်ကွက်ကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့က ပြန်စိုးရိမ်နေရတာ ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့က ဘိုးဘွားတွေ အဘိုးအဘွားတွေတော့ ရှေ့လာမယ့် အနာဂတ်အတွက် အဲ့ဒီလိုမျိုး မစဉ်းစားလိုက်ဘဲနဲ့ တောင်ပေါ်ဒေသဆိုတော့ သိတဲ့အတိုင်းပဲနော့။ လက်မှတ်အဲ့ဒီလိုမျိုး သူတို့လာ လိမ်ပြောတိုင်းယုံပြီးမှ အဘိုး၊ အဘွားတွေက လက်မှတ်ထိုးပေးမိမှာလေ။ ကျွန်တော်တို့ လူလတ်ပိုင်းတွေအနေနဲ့တော့ စိုးရိမ်ပူပန်မှုတော့ရှိနေတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ယင်းနေရာတွင် မြေရှားသတ္တု တူးဖော်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလလောက်က စတင်ပြီး ကြိုးပမ်းလာခြင်းဖြစ်ကာ ယင်းအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ သက်ဆိုင်ရာ တာဝန်ရှိသူများကမူ ရွာခံများ သဘောမတူပါက မလုပ်ရန်နှင့် ရွာခံများ သဘောတူမှသာ လုပ်ရန် ပြောဆိုထားကြောင်း ဒေသခံများက ပြောသည်။

“သူတို့ အဲ့ဒီလိုပြောလိုက်တဲ့အပေါ်မှာ ဒီကိုယ်စားလှယ်တွေကပေါင်းပြီးမှ အဲ့ဆို ရွာတွေကို စောနက ပြောသလို တနည်းနဲ့မရရင် တနည်းနဲ့စည်းရုံးပြီးမှ လုပ်ဖို့ကြံနေတဲ့အပိုင်းတွေရှိတယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ရွာသူရွာသားအနေနဲ့တော့ တော်တော်စိုးရိမ်ပူပန်မှုဖြစ်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါ တကယ်လို့ အဲ့ဒါမျိုးသာဖြစ်ခဲ့ရင် ကျွန်တော်တို့ရွာကလူတွေသည် အိမ်ခြေဒီလောက် အများကြီးရှိတဲ့လူတွေက နောင်လူတွေနော့။ အိမ်ထောင်ပြုကြမယ်။ အဲ့ဒီလိုမျိုး အများကြီးဖြစ်လာတဲ့အချိန် ကျွန်တော်တို့က နယ်မြေလည်း မရှိတော့ဘူး။ စိုက်ပျိုးမြေလည်းရှိတော့မှာ မဟုတ်သလို ကျွန်တော်တို့ ရွှေ့ပြောင်းတောင်ယာလည်း လုပ်စားနိုင်တော့မှာ မဟုတ်တဲ့ အနေအထားရှိတယ်” ဟု ဒေသခံက ပြောသည်။

ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

Global Witness ၏ ၂၀၂၄ ခုနှစ်၊ မေလ အစီရင်ခံစာတခုတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုအောက်ဆိုဒ် တင်သွင်းမှုသည် အာဏာသိမ်းကာလ ၂,၀၂၁ ခုနှစ်တွင် တန်ချိန် ၁၉,၅၀၀ ဖြင့် အများဆုံးရှိခဲ့ပြီး ၂,၀၂၃ ခုနှစ်တွင် ၄၁,၇၀၀ တန်အထိ တဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါ သတ္တုဝယ်လိုအား မြင့်မားမှုက မြေပြင်အခြေအနေကို ပိုပြီး ပျက်စီးဆိုးရွားအောင် တွန်းအားပေးနေကြောင်း ဖော်ပြခဲ့သည်။

ISP Myanmar က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ထုတ်ပြန်ချက်တွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင် ပြည်နယ်အတွင်း မြေရှားသတ္တု တူးဖော်မှုများ သိသိသာသာ တိုးလာပြီး ချီဖွေတနေရာတည်းတွင် မြေရှားသတ္တု လုပ်ကွက်အရေအတွက်သည် အာဏာမသိမ်းမီက ၁၀၀ ဝန်းကျင်ရှိခဲ့ရာမှ အာဏာသိမ်းမှုနောက်ပိုင်း လုပ်ကွက် ၃၅၇ ကွက်အထိ ရှိလာကြောင်း ဖော်ပြသည်။

စည်းမဲ့ကမ်းမဲ့ မြေရှားတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးလာပြီး ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ဓာတုပစ္စည်း စိမ့်ဝင်မှု၊ ဒေသခံဂေဟစနစ် ပျက်စီးယိုယွင်းမှုများ ဖြစ်လာကြောင်း၊ ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ထိခိုက်လာကြောင်း၊ မြေဆီလွှာညစ်ညမ်းမှုကြောင့် ထွက်ရှိလာသည့် သီးနှံများကို ယခင်ကကဲ့သို့ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ၍ မရတော့သည့်အပြင် ရေညစ်ညမ်းမှုနှင့် ခဲဓာတ်ညစ်ညမ်းမှုများကြောင့် မွေးမြူရေးလုပ်ငန်းများ လျော့ကျလာခဲ့ရပြီး ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများကလည်း စိုးရိမ်စရာ ဖြစ်နေသည်ကို တွေ့ရကြောင်း ISP Myanmar က ဖော်ပြခဲ့သည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
စစ်မှုထမ်း အမှတ်(၄) သင်တန်းသားများအား မြင်တွေ့ရစဥ်(MOI)
June 26, 2026
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ်...
June 25, 2026
ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့်...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...