မြဝတီတောင်ပိုင်း တိုက်ပွဲများကြောင့် မဲဆောက်ဘက်ရှိ နယ်စပ်ဂိတ်အချို့ အသွားအလာပိတ်

မြဝတီတောင်ပိုင်း တိုက်ပွဲများကြောင့် မဲဆောက်ဘက်ရှိ နယ်စပ်ဂိတ်အချို့ အသွားအလာပိတ်
ဓာတ်ပုံ - KIC
ဓာတ်ပုံ - KIC

ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး နောက် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်သန်းသွားလာနေသည့် တရားမဝင်ဂိတ် အချို့ကို ထိုင်းအာဏာပိုင်များက ဇူလိုင်လ ၃ ရက်နေ့မှစတင်၍ ပိတ်ထားလိုက်ကြောင်း နယ်စပ်သတင်းအရင်းအမြစ် များက ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲ့ကိုကင်းကျေးရွာတွင် ကျေးရွာတာဝန်ရှိသူများနှင့် ထိုင်း အာဏာပိုင်များ အစည်းအဝေးပြုလုပ်ခဲ့ပြီး၊ လုံခြုံရေးအရ မင်းလက်ပံ-အင်ကြင်းမြိုင်နှင့် တစ်ဖက်ကမ်းရှိ မဲ့ကိုကင်း-မယ်ကုအကြားရှိ သဘာဝမြစ်ကူးဂိတ်နေရာများကို ဖြတ်သန်းသွားလာခွင့်မပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

“သောင်ရင်းမြစ်ကို ပေးမဖြတ်တော့ဘူး၊ အစားအစာတွေလည်း ယူခွင့်မပြုတော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကြီးကျည်တွေကျတာ ဒီမှာရှိတဲ့လူတွေက တော်တော်လေး ခံရတယ်၊ အိမ်တွေထိခိုက်တာလည်း ရှိတယ်။ ထိုင်းက မြန်မာစစ်တပ်ကို သွားပြောလည်း ကျည်ကျတာ ထိုင်းလူမျိုးတွေရဲ့ အိမ်တွေကို မထိဘူး၊ မြန်မာလူမျိုးတွေရဲ့ အိမ်တွေပဲထိတယ်ဆိုပြီး တာဝန်မဲ့ ပြန်ပြောတာမျိုးပဲရှိခဲ့တာ” ဟု မဲ့ကိုကင်းရွာခံတစ်ဦးက ပြောသည်။

မဲ့ကိုကင်းဘက်ရှိ ရပ်ကွက်နေရာ ၄ ခုမှာ လတ်တလောပိတ်လိုက်သည့် ဂိတ်များတွင် ပါဝင်ပြီး၊ ၎င်းတို့အပါအဝင် ဂိတ်အားလုံးကို ၃ လကြာ ပိတ်ထားမည်ဖြစ်ကြောင်း နယ်စပ်ဒေသခံများအကြား သတင်းများထွက်ပေါ်နေသော် လည်း ကေအိုင်စီသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်။

အလားတူ မဲ့ကိုကင်းရွာနေ အမျိုးသားတစ်ဦးကလည်း “ကုန်ရော လူရော သွားနေတဲ့တရားမဝင် ဂိတ်လေးတွေ ပါ။ မဲ့ကိုကင်းကနေ မယ်ကုတောက်လျှောက်ရှိနေတာ။ အခုအဲဒီဂိတ်တွေကို ပိတ်မယ်၊ (၃) လလို့ကြားတယ်။ ဂိတ် တွေမှာလည်း ထိုင်းစစ်သားတွေရော တောမောင်းတွေရော လုံခြုံရေးချထားတယ်၊ အခုနောက်ပိုင်း တအား စစ်တော့ သိပ်တောင်အသွားအလာမလုပ်ရဲကြတော့ဘူး” ဟု ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်အတွင်းက မဲ့ကိုကင်းရွာရှိ အစိုးရစာသင်ကျောင်းအထိ မြန်မာနိုင်ငံဘက် က တိုက်ပွဲမှ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ဖူးသည်။

အဆိုပါဖြစ်စဉ် နောက်ပိုင်းတွင် လုံခြုံရေးစိုးရိမ်ရသဖြင့် ကျောင်းသား၊ ကျောင်းသူများမှာ နေရာပြောင်းရွှေ့ကာ စာသင်ကြားနေရသလို၊ အချို့ကျောင်းများကိုလည်း ယာယီပိတ်ထားရဆဲဖြစ်ကြောင်း ကျောင်းသားမိဘများက ပြောသည်။

မြန်မာစစ်အုပ်စုသည် ယမန်နှစ်ကုန်ပိုင်းကတည်းက ဖလူး-မင်းလက်ပံဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ် ရာ နေရာများကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။

သို့သော် တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်အုပ်စုအနေဖြင့် နယ်မြေထိုးဖောက် ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ၊ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများကိုသာ အလွန်အကျွံ အသုံးပြုနေသဖြင့် စစ်ရေး တင်းမာမှုများကြောင့် နှစ်ဖက်ဒေသခံပြည်သူများမှာ လက်ရှိအချိန်အထိ စစ်ဘေးတိမ်းရှောင်နေကြရ သည်။

August 11, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း မိုးရာသီကာလ ဒေသခံ...
ဓါတ်ပုံ - KILC
August 11, 2026
ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက် ခေါင်းဆောင်များနှင့် လူငယ်များ ပါဝင်မည့် တတိယအကြိမ်မြောက်...
August 11, 2026
ထိုင်းရောက် မြန်မာအလုပ်သမားများ အထောက်အထားကိစ္စ အပါအဝင် ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့်...
ဓါတ်ပုံ - KIC
August 10, 2026
တောင်ငူ-သံတောင်ကြီး လမ်းပေါ်ရှိ ပျားစခန်းကျေးရွာအနီး စစ်အုပ်စု တပ်ဖွဲ့ဝင်များ...