တင်းမာနေသော မဲဝိုင်ရွာရှိ အိမ်တလုံးကို တပ်မတော်က မီးရှို့ကြောင်း KNU နှင့် ဒေသခံများပြော

တင်းမာနေသော မဲဝိုင်ရွာရှိ အိမ်တလုံးကို တပ်မတော်က မီးရှို့ကြောင်း KNU နှင့် ဒေသခံများပြော

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန် (မူတြော်) ခရိုင်ရှိ မဲဝိုင်ကျေးရွာမှ နေအိမ်တစ်လုံးကို တပ်မတော်မှ မီးရှို့ ဖျက်ဆီးလိုက်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “မဲဝိုင်ကျေးရွာထဲက ရွာသားတွေရဲ့ အိမ်တစ် လုံးကို မြန်မာစစ်သားတွေက မီးရှို့တယ်ဆိုတာ သေချာပါတယ်။ အတည်ပြုလို့ရပါတယ်” ဟု ပြောသည်။

ပြီးခဲသည့် ဇန္နဝါရီလ ၂၄ ရက်နေ့က ဖာပွန်(မူတြော်) ခရိုင် ဒွဲလိုးမြို့နယ် မဲဝိုင်ကျေးရွာထဲတွင် ရှိနေသည့် တပ်မတော်သားများက အဆိုပါ အိမ်ကို မီးရှို့လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံက ဆက် ပြောသည်။

“ဒီလ ၂၄ ရက်နေ့ပေါ့နော်။ အဲမှာ မီးရှို့လိုက်တာ ဟုတ်တယ်။ ၇ နာရီ ဝန်းကျင်လောက်မှာပေါ့။ မဲဝိုင်ကျေး ရွာ က ခမရ ၃၃၉”

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ကရင်ဒေသခံများနှင့် နီးစပ်သော ကရင့်သတင်းစဉ်က KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကို ကိုးကား၍ ဖြစ်စဉ်မှန်ကန်ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မဲဝိုင်ကျေးရွာအတွင်းတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း နှစ်ဖက် စစ်ရေးတင်းမာမှုများ ကြောင့် ဒေသခံများမှာ ကျေးရွာနဲ့ဝေးရာ နေရာများသို့ စစ်ဘေးရှောင်နေကြရသလို အခြေအနေကို ကြည့် ပြီး ကျေးရွာထဲတွင် ပြန်လာနေထိုင်သူ အချို့လည်း ရှိသည်ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်သူများ၏ နေထိုင်စားသောက်ရေးကို အလှှုရှင် အချို့က ကူညီထောက်ပံ့မှု ရှိသော် လည်း လိုအပ်မှုများစွာ ရှိနေသည်ဟု သိရသည်။

လက်ရှိ KNU တပ်မဟာ ၅ နယ်မြေထဲတွင် စစ်ရေး အခြေအနေများနှင့် ပတ်သက်၍ “မြန်မာစစ်တပ်ဖက်က တပ်အင်အားတိုးချဲ့တာတွေ၊ ကားလမ်းဖောက်လုပ်တာတွေနဲ့ ရိက္ခာ တင်ပို့မှုတွေလည်း လုပ်ဆောင်တာ တွေရှိတယ်။ အဲလိုလုပ်ဆောင်မှုတွေကြောင့် သတ်မှတ်ထားတဲ့ နေရာကို ကျော်သွားတဲ့ အခါမှာတော့ တိုက်ပွဲ အငယ်လေးတွေ ဖြစ်တာတော့ရှိတယ်။ ပြီးတော့ လက်နက်ကြီးတွေကိုလည်း တပ်မဟာ ၅ နယ်မြေ ထဲက မဲဝိုင်း ဧရိယာထဲကိုသာမက လူသောမြို့နယ် အထက်ဖက်တွေမှာလည်း သူတို့က လက်နက်ကြီး ပစ် ခတ်မှု တွေရှိတယ်။ ဒီတစ်လအတွင်းမြန်မာတပ်မတော်က ကျေးရွာတွေကို လက်နက်ကြီး ကြီးပစ်ခတ်တာ အလုံး ၃၀ ကျော်ရှိတယ်ပေါ့နော” ဟု အမည်မဖော်လိုသူ ဒေသခံက ပြောသည်။

“လက်နက်ကြီးပစ်ခတ်လို့ ဒေသခံတွေ ထိခိုက်တာတော့ မရှိဘူး အရင်က မဲဝိုင်ကျေးရွာထဲက မြန်မာတပ်မ တော်က နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်တဲ့အခါမှာ ကျေးရွာသားတွေ သေတာ ရှိသလို ဒဏ်ရာရတာလည်း ရှိပါတယ်။ တစ်ယောက်သေ တစ်ယောက်ဒဏ်ရာရတယ်။ ဒီလအတွင်းမှာပဲ” ဟု ဆက်ပြောသည်။

ထို့ကြောင့် ဒေသခံများက ဒေသအတွင်း လွတ်လပ်စွာနှင့် ဘေးကင်းလုံခြုံစွာ နေထိုင်သွားလာ လုပ်ကိုင်စား သောက်နိုင် ရန်အတွက် ၎င်းတို့ ဒေသတွင် လာရောက် တပ်စွဲထားသည့် တပ်မတော် တပ်စခန်းများကို အမြန်ဆုံး ရုတ်သိမ်းပေးရန် တောင်းဆိုသည်ဟု ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး စာချုပ် NCA ကို အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့အစည်းဖြစ်သည်။

“စစ်ရေးအရ တင်းမာတယ်လို့ပဲ ဆိုရမှာ ဖြစ်တယ်ပေါ့။ ဒီဇင်ဘာလမှာရော ဇန္နဝါရီလမှာရော ကြည့်မယ် ဆို ရင်တော့ တပ်စခန်းတွေက ရွာထဲမှာ ရှိနေတယ်။ ရွာထဲမှာ ရှိနေတဲ့အတွက်ကြောင့် လူထုကြောက်လန့် စေ တယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ကာလတွေကလည်းပဲ နှစ်တွေကလည်းပဲ မတရား သတ်ဖြတ်တာတွေ နောက်ဆုံးဆွဲကြိုး လုယူတဲ့အဆင့်ထိ ရှိတာပေါ့နော်။ အဲလိုမျိုး တရားမဲ့ မြန်မာစစ်တပ်ဖက်က ပစ်သတ် လိုက်တာတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာ နောက်တိုက်ပွဲတွေ ရင်ဆိုင်တိုက်ပွဲတွေ ရှိလာတဲ့အပေါ်မှာ လည်းပဲ လက်နက်ကြီးတွေကို သူတို့ရမ်းသမ်းပစ်ခတ်တယ်။ သူတို့ရွာထဲကို ပစ်ချတယ်ပဲ ပြောရမှာ ဖြစ်ပါ တယ်။ အဲဒီလုပ်ရပ်တွေဟာ ဆိုလို့ရှိရင်တော့ ကျနော်တို့ လူထုတွေအတွက် အများကြီး ကြောက်ရွံ့ မှုရော ဒုက္ခတွေရော တွေ့ ကြုံရတယ်လေ” ဟု တပ်မဟာ ၅ ပြောရေးဆိုခွင့် ရှိ သူ ပဒိုမန်းမန်း က သတင်းနှင့် မီဒီယာကွန်ရက်သို့  ပြောဆိုထားသည်။

လက်မှတ်ရေးထိုးထားသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ NCA စာချုပ် အခန်း ၃ ထဲတွင် ပါရှိသည့် တပ် ပိုင်းဆိုင်ရာ ကိစ္စရပ်များအပြင် လက်ရှိ လုပ်ဆောင် နေသည့် နိုင်ငံရေး ဆွေးနွေးမှုများတွင် ဖြစ်ပေါ်တိုး တက် မှု မရှိပါက KNU နှင့် တပ်မတော် တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေအုံးမည်ဟု ပဒိုမန်းမန်း က သတင်းနှင့် မီဒီယာကွန်ရက်သို့ ပြောဆိုထားသည်။

လက်ရှိတွင် တပ်မတော်မှ လမ်းဖောက်လုပ်မှုများကြောင့် KNU တပ်မဟာ ၅၊ တပ်မဟာ ၃ ၊ တပ်မဟာ ၁ တို့နှင့် တပ်မတော်တို့အကြား စစ်ရေးအရ တင်းမာ မှုများရှိနေသကဲ့သို့ တိုက်ပွဲများ လည်း ကြိုကြားကြိုကြား ဆက်လက်ဖြစ် ပွားနေသည်ဟု သိရသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...