NMSP ထိန်းချုပ်နယ်မြေ မူးယစ်ဆေးဖြတ်စခန်းများတွင် ဆေးဝါးနှင့် ရိက္ခာလိုအပ်

NMSP ထိန်းချုပ်နယ်မြေ မူးယစ်ဆေးဖြတ်စခန်းများတွင် ဆေးဝါးနှင့် ရိက္ခာလိုအပ်

မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ မူးယစ်ဆေးဖြတ်စခန်းများတွင် လူဦးရေများလာသည့်အတွက် ထောက်ပံ့မှုများ ပိုလိုအပ်နေသည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလည်က ပြောသည်။

“ကျနော်တို့မှာ ဆေးတွေလုံလောက်မရှိဘူး။ ပြီးတော့ သူတို့ကို ကျွေးမွေးဖို့အတွက် ရိက္ခာဆန် လုံလောက်မှု မရှိဘူး။ ကျနော်တို့တတ်နိုင်သမျှ ကျနော်တို့ စားနေတဲ့ကြားကပဲ ဝိုင်းဝန်းကျွေးမွေးနေတာ၊ ဥပမာ လူ တစ်ယောက်ဆိုလို့ရှိရင် ဆန်တစ်တင်းနီးပါးတော့ ကုန်ကျမှုရှိတယ်၊”

မူးယစ်ဆေးဖြတ်စခန်းများတွင် ဆေးလာဖြတ်သူများလာသည့်အတွက် လက်ရှိတွင် ကုသမှုအတွက် ဆေး ဝါးများ လိုအပ်ချက်ရှိနေသည့်အပြင် စားနပ်ရိက္ခာအတွက်လည်း အခက်အခဲရှိလာသည်ဟု မွန်ပြည်သစ် ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

“ပြီးခဲ့တဲ့လက အစိုးရအနေနဲ့တော့ မဟုတ်ဘူးပေါ့။ ဒေသတွင်းမှာရှိတဲ့ မွန်ဆရာဝန်တွေ စုပြီးတော့ ကျနော်တို့ ခရိုင်မှာရှိတဲ့ မူးယစ်ဆေးဖြတ် စခန်းတွေ အတွက် ဆန်အိတ် ၂၀၀ လောက် ထောက်ပံ့ပေးထားပြီးပြီ။”

လိုအပ်ချက်ကို အစိုးရထံ တင်ပြခဲ့ရာ ပြည်နယ်အစိုးရက ပထမဆုံး အကြိမ်အနေဖြင့် ဆန်အိတ် ၄၀၀ နှင့် အားကစားပစ္စည်းများ ဇန္နဝါရီလ ၂၅ ရက်နေ့က ထောက်ပံ့ပေးလာခဲ့သည်ဟု မွန်ပြည် သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

“အခု ဒေသခံဆရာဝန်တွေကတဆင့် အစိုးရဆီမှာ တင်ပြပြီးတော့ အခု မွန်ပြည်နယ်အစိုးရအနေနဲ့ မူးယစ် ဆေးဝါးဖြတ်တဲ့စခန်း ခရိုင် ၃ ခုအတွက် ဆန် အိတ် ၄၀၀ နဲ့ အခြား အားကစားပစ္စည်းတွေ ပေးအပ်တယ်။”

မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးသုံးစွဲနေသူများကို ၎င်းတို့ပါတီခရိုင်ဌာနချုပ်များဖြစ်သည့်  ထားဝယ် ခရိုင်၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့တွင် ထိန်းသိမ်းထားရှိကာ ဆေးဖြတ်ခြင်း ပညာပေးခြင်းဖြင့် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေသည်။

မူးယစ်ဆေးဖြတ်စခန်းတွင် ရောက်ရှိလာသူအချို့သည် မိဘများကိုယ်တိုင် လာရောက်အပ်နှံထားကြသူများ လည်းရှိသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

ထားဝယ်ခရိုင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့တွင် ထိန်းသိမ်းထားသည့် ဆေးလာဖြတ်သူများသည် ပုံမှန် ၂၀၀ ကျော် ရှိနေသည်ဟုလည်း မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ပြောသည်။

“အခုဆိုလို့ရှိရင် လူငယ်တွေ အများအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုက တော်တော်များလာတယ်၊ အချို့လူငယ် တွေကျတော့ မိဘတွေ ထိန်းသိမ်းဖို့ မတတ်နိုင်ဘူး။ မတတ်နိုင်ကျတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီကို လာ အပ်နှံကြတယ်၊ အဲဒီအပ်နှံတဲ့ လူငယ်တွေကို ကျနော်တို့က အခုဆိုလို့ရှိရင် ထားဝယ်ခရိုင်မှာ center တစ်ခုအနေ နဲ့ ဆောက်လုပ်နေဆဲပဲဆိုတော့ အဲဒီလူငယ်တွေကိုထားဖို့တော့ အခက်အခဲဖြစ်နေတယ်။ ဒါကြောင့်မို့ အခုလော လောဆယ်မှာ ခရိုင် ၃ ခုဖြစ်တဲ့ ထားဝယ်ခရိုင်၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်မှာရှိတဲ့ ခရိုင်ဌာနချုပ်မှာပဲ ဆေး ဖြတ်ဖို့လာတဲ့ခလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်၊ ခရိုင် ၃ ခုမှာ ပုံမှန် ၂၀၀ ကျော်ကျော် လောက် ရှိ တယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးစွဲနေသူများကို ဆေးဖြတ်စခန်းတို့တွင် ထိန်းသိမ်းပြီး ပညာပေးနေသည့် အပြင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုလည်း ပြစ်ဒဏ်ချမှတ်ပြီး  အရေးယူမှုများလည်း လုပ်ဆောင်နေသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မူးယစ်ဆေးဝါး ဆိုးဝါးစွာ ကျယ်ပြန့်လာနေသည့် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်ရန် အတွက် မွန်ပြည်သစ်ပါတီက ၂၀၁၂ ခုနှစ်မှစပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးအစီအစဉ်ကို စတင်ခဲ့ကာ သက်ဆိုင် ရာရဲ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ပညာပေးခြင်း၊ မိဘများမှတဆင့် မူးယစ်သုံးစွဲနေသူများ ကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းတို့ကို လုပ်ဆောင်လာခဲ့သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...