ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ဖြစ်ပွားနေသည့် တပ်မတော် နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြားက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံ တစ်ထောင်နီးပါးအတွက် စားနပ် ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
ညောင်လေးပင်ခရိုင် ကရင် လူမှုရေးရာ အဖွဲ့မှ တာဝန်ရှိသူ စောစိပတြော်က “ လိုတာကတော့ ပစ္စည်းတွေက အစုံပဲ၊ စောင်ရော၊ ကလေးအဝတ်အစား၊ လူကြီးအဝတ်အစား၊ အကုန်ပဲ၊ ဒီစား သောက်စရာတွေ ဆေးဝါးတွေ အကုန်ပဲ လိုတယ်။ ဘယ်သူမှလည်း သွားမပို့ရဲတဲ့ အခြေအနေပေါ့” ဟု ပြောသည်။
တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်နေရကြသည့် အတွက် ယခုခါ ကလေးငယ်များ ကျန်းမာရေး ထိခိုက်မှု များ ရှိလာနေသည်ဟု စောစိပတြော်က ဆက်ပြောသည်။
“အခြေအနေကတော့ ခက်ခဲတာပေါ့။ အခုနကပြောသလို မထင်မှတ်တဲ့အချိန်မှာဖြစ်တော့ ပြေးကြတဲ့အခါမှာ အဆင်သင့်မဖြစ်ဘူးလေနော်။ တချို့က ကလေးတွေနဲ့ဆိုတော့ ဖြစ်တာနဲ့ပြေးရတာဆိုတော့ စားစရာတွေ အကုန် လုံး အိမ်မှာပဲ ကျန်နေခဲ့တယ်။ ဒါပေ မယ့် အဓိကလိုအပ်ချက်က ဆေးဝါးတို့ဘာတို့၊ အခုလောလောဆယ် က တော်တော်အေးတော့၊ အခု တစ်ပတ် နှစ်ပတ်အတွင်းမှာ သူတို့ကလေးတွေ နေမကောင်းတာတွေ အဲ့လိုတွေ ရှိတယ်။”
KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အတွင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ လယ်ပိုင်းကစတင်ကာ ယနေ့အချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ လည်း ဆက်တိုက် ဖြစ်ပွားနေခဲ့ရာ အနီးအနားကျေးရွာများမှ ဒေသခံတစ်ထောင်နီးပါးခန့်သည် တောတောင်များ ထဲ စစ်ဘေး လွတ်ရာနေရာများတွင် ပုန်းရှောင်နေခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“အခုတစ်ထောင်နီးပါးရှိနေပြီ။ အဲ့နားက လေးငါးရွာနဲ့ တချို့ ဒီကွင်းကနေပြီးမှ အမျိုးတွေ၊ ရွာကလူတွေ၊ သား သမီးတွေ အပေါ်ပြန်တက်တော့ တိုက်ပွဲဖြစ်တော့ အကုန်လုံးအတူတူပြေးကြတာ၊ အခု အကုန်လုံးပေါင်းရင် တစ်ထောင်နီးပါးဖြစ်နေပြီ။ ရွာကနေ ဒီတောင်ပေါ်မှာပေါ့၊ နည်းနည်းလုံခြုံတဲ့နေရာပဲပေါ့၊ တောထဲမှာပဲ လိုက် ပုန်းနေရတာပေါ့။ တောင်ပေါ်မှာပေါ့ တောထဲမှာပဲ ရှောင်နေရတာပေါ့” ဟု စောစိပတြော် က ဆက်ပြောသည်။
ဒေသအတွင်းက စစ်ရေးအခြေအနေနှင့် ပတ်သက်၍လည်း ဒေသခံ တစ်ဦးက “အခုအခြေအနေကတော့ တနင်္ဂ နွေနေ့အထိတော့ တပ်ကပစ်တာတော့ လက်နက်ကြီးနဲ့ ပစ်တော့ ဘုရားရှိခိုး နေတဲ့ အချိန် လက်နက်ကြီးနဲ့ ပစ် တော့ နည်းနည်း နီးကပ်တော့ ထွက်ပြေးနေရတယ်။ မူသယ် အထက်ဘက်မှာပေါ့၊ ဟိုး အရင်ဖြစ်တဲ့ နေရာတွေ ပဲလေ၊ အဲ့ဒီအနီးအနားမှာပဲ။ တကောဒေါ၊ ပါကောခီး၊ ပါကောထာ၊ သဲဒေါ အဲဒီနေရာတွေပဲလေ။ ဟိုးတနင်္ဂနွေ နေ့ မတိုင်ခင်ကလိုပဲ တဖက်ကပဲ ပစ်တာပဲ။ အဲ့လို နေ့တိုင်းပစ်တာပဲ။ ဟိုတနေ့ကတော့ နည်းနည်းပိုနီးတော့ Sunday မှာတော့ဖြစ်တာ နီးတော့ ဘုရားမရှိ ခိုးရပဲ ထွက်ပြေးရတာပေါ့။ အခြေအနေက တော့ နေ့တိုင်းလိုလို ဖြစ်နေ တယ်” ဟု ပြောသည်။
ယခုခါ ကူညီထောက်ပံ့မှုအချို့ ကျောက်ကြီးမြို့နယ်အတွင်း ရောက်ရှိလာပြီဖြစ်သော်လည်း နှစ်ဖက်ကြားက စစ်ရေးတင်းမာမှုများ၊ ပဋိပက္ခများ၊ ပစ်ခတ်မှုများ ရှိနေသေးခြင်း၊ နှစ်ဖက်တွေ့ဆုံမှုများ မရှိသေးခြင်းကြောင့် လုံခြုံရေးအခြေအနေကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် စောင်၊အဝတ်အထည်များ သွားရောက် ပေးပို့နိုင်ခြင်း မရှိသေးဘူးဟု ညောင်လေးပင်ခရိုင် ကရင် လူမှုရေးရာ အဖွဲ့မှ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။
ဇန္နဝါရီ ၂၀ ရက်နေ့ကလည်း ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပွယ်စေးက စစ် ဘေးဒုက္ခသည်များ အတွက် အစားအသောက်၊ ဆေးဝါးပစ္စည်းများ၊ စောင်နှင့် အနွေးထည်များကို ကျောက်ကြီး မြို့နယ်အတွင်းရှိ KNU ဆက်ဆံရေးရုံးတွင် ကရင်လူမှုရေးရာအဖွဲ့ကို ပေးအပ်ခဲ့သည်ဟု စောစိပတြော် က ပြော သည်။
တပ်မဟာ ၃ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများသည် တပ်မတော်မှ လမ်းဖောက်လုပ်နေသည့် နေရာ များ တစ်လျှောက်တွင် ဖြစ်ပွားနေပြီး အဆိုပါလမ်းမှာ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ဖက်ကို ဆက်သွယ်ထား သည့် လမ်းကြောင်းဖြစ်သည်ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက သတင်းနှင့် မီဒီယာ ကွန် ရက် သတင်းဌာန ကို ပြောသည်။
တပ်မတော်နှင့် KNU တို့အကြား တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း ညောင်လေးပင် ခရိုင်၊ ကျောက်ကြီး မြို့ နယ်အတွင်း တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသကဲ့သို့ KNU တပ်မဟာ ၅ နယ်မြေ ကရင်ပြည် နယ် ဖာပွန် (မူတြော်) ခရိုင်နှင့် တပ်မဟာ ၁ နယ်မြေ မွန်ပြည်နယ် သထံခရိုင် တို့တွင်လည်း နှစ်ဖက်ထိတွေ့မှုများ ရှိနေသည်ဟု ပဒိုမန်းမန်းက ပြောသည်။







