ကရင်ဒုံးအက UNESCO သို့ တင်သွင်းနိုင်ရန် နောက်ဆုံးအဆင့် စုပေါင်းတင်ဆက်ကပြ

ကရင်ဒုံးအက UNESCO သို့ တင်သွင်းနိုင်ရန် နောက်ဆုံးအဆင့် စုပေါင်းတင်ဆက်ကပြ

နန်းခလိန်းဖောင်အွာ — ကရင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် ဒုံးအကကို ယူနက်စကိုသို့ တင်သွင်းနိုင်ရန် စုပေါင်း တင်ဆက်ကပြမှု အခမ်းအနားကို ဖားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ဇန်နဝါရီလ ၂၆ရက် (ယနေ့) ကျင်းပပြုလုပ်သွားခဲ့သည်။

ကရင်ဒုံးအကကို အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင် ရာ အဖွဲ့အစည်း (UNESCO) မှ အသိအမှတ်ပြုနိုင်ရန် ပြည်နယ်အဆင့်တွင် နောက်ဆုံးတင်ဆက်ကပြပြီး လာမည့် မတ် လကုန်တွင် အမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ကေအိုင်စီကို ပြောသည်။

ဝန်ကြီးဦးဘိုဘိုဝေမောင်က “ယူနက်စကို ကိုတင်သွင်းတဲ့အခါမှာ ဒုံးအကကို ဘယ်ဒေသတွေမှာ ဘယ်လိုပုံစံမျိုး ထိန်း သိမ်းသလဲ ဆိုတာ ပြရတာရှိတယ်။ ဒေသ ၁၇ခုမှာဆင်းပြီး သုတေသန အချက်အလက် တင်ပြဖို့ မှတ်တမ်းယူတယ်။ ယူနက်စကို တင်ဖို့အထိ အတော်ပြည့်စုံနေပြီး ပြောလို့ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ပြီးခေတ်များတွင် ကခဲ့ကြသည့် ကျွဲဒုံး၊ ကျားဒုံး၊ မောင်ရိုး၊ ၁၂လရာသီ ဒုံးအ ကများကို မြို့နယ်အသီးသီးမှ စာပေယဉ်ကျေးမှုအဖွဲ့များ ကပြဖျော်ဖြေကြပြီး ဒုံးသမိုင်းကြောင်းကို တာဝန်ရှိသူများက ဖတ်ကြားရှင်းလင်းခဲ့သည့်အပြင် ကရင်ဒုံးအကနှင့်ပတ်သက်၍ သုတေသနပြုစုခဲ့သည်များကိုလည်း ကျမ်းတစ်စောင် ဖြစ်ရန်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ခံများထံမှ သိရသည်။

ယနေ့ စုပေါင်းတင်ဆက်ကပြမှု အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ မြို့နယ်အသီးသီးရှိ ကရင်စာပေ၊ ယဉ်ကျေးမှုကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ဒုံးအက သုတေသန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကော့ပလံရွာမှ ၁၂ လရာသီ ဒုံးအကအဖွဲ့၌ လာရောက်ကပြသူ နန်းဟေစူးခလိန်းက “ရွာကိုယ်စားပြု ဒုံးအဖွဲ့အနေနဲ့ လာရောက်ဖြေဖျော်ခွင့်ရတာ အရမ်းဝမ်းသာတယ်။ တက္ကသိုလ်စင်မြှင့်ထက်မှာ တစ်ခါမှ မကဖူးဘူး။ ခုလို ကိုယ့်ယဉ် ကျေးမှု ဒုံးအကကို ဖော်ထုတ်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာတယ်ပေါ့နော်။ ကိုယ့်အမျိုးသားရေး ယဉ်ကျေးမှုအပေါ် အားလုံး ထိန်းသိမ်းဆောင်ရွက်စေချင်တယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ယူနက်စကိုအဖွဲ့မှ မြန်မာ့သနပ်ခါးကို အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပထမဆုံး အသိအမှတ်ပြုခံခဲ့ရပြီး လာမည့်မတ်လတွင် ကရင်ရိုးရာဒုံးအက၊ မန္တလေး လွန်းရာချိတ်၊ ရှမ်းပြည်နယ်မှ လက်ဖက်ကို ပြည်ထောင်စုအဆင့် အမည်စာရင်းသွင်းမည်ဖြစ်ကာ ဒုံးအက ရွေးချယ်ခံရပါက ၂၀၂၁ခုနှစ်တွင် ယူနက်စကိုထံသို့ အမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ကရင်ရိုးရာဒုံးအကကို ယူနက်စကိုသို့တင်သွင်းနိုင်ရေးအတွက် သုတေသနစုဆောင်းရန် ကရင်ပြည်နယ်ရှိ မြို့နယ်အ သီးသီးတွင် ၂၀၂၀ခုနှစ် ဇွန်လမှစ၍ တစ်နှစ်နီးပါး ကွင်းဆင်းမှတ်တမ်းပြုစုခဲ့ကြပြီး ယနေ့ကျင်းပသည့် အခမ်းအနား၌  ပြည်နယ်အဆင့် နောက်ဆုံး သုတေသနမှတ်တမ်းပြုစုခြင်းဖြစ်သည်ဟု ဒုံးအက ပညာရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ယူနက်စကိုအဖွဲ့မှ မြန်မာ့သနပ်ခါးကို အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပထမဆုံး အသိအမှတ်ပြုခံခဲ့ရပြီး လာမည့် မတ်လတွင် ကရင်ရိုးရာဒုံးအက၊ မန္တလေး လွန်းရာချိတ်၊ ရှမ်းပြည်နယ်မှ လက်ဖက်ကို ပြည်ထောင်စုအဆင့် တင်သွင်းသွားမည်ဖြစ်သည်။ ထိုမှတဆင့် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကရင်ဒုံးအက ရွေးချယ်ခံ ရပါက ၂၀၂၁ခုနှစ်၊ ဇွန်လတွင် ယူနက်စကိုထံ ဆက်လက် စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...
Photo: KNU
March 30, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ဒေါနတောင်တန်း အရှေ့ဘက်ခြမ်း ဒေသများကို...