တရားမဝင်သစ် တင်ဆောင်လာသည့်ကား ခရီးသည်များထား၍ ထွက်ပြေး

တရားမဝင်သစ် တင်ဆောင်လာသည့်ကား ခရီးသည်များထား၍ ထွက်ပြေး
by -
မဇ္ဈိမ
မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးရှိ ၁၉၇ မိုင်၊ စံလောင်း ရွာတွင် ခရီးသည်များ တင်ဆောင်လာသည့် ကားပေါ်မှ တရားမဝင်ပိတောက်သစ်များ ဧပြီလ ၈ ရက်နေ့၊ မနက် ၂ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောသည်။

ယနေ့(ဧပြီလ ၈ ရက်) မနက် ၂ နာရီအချိန်တွင် ခရီးသည်များတင်ဆောင်လာသည့် HiAce ကားမှာ ရေပူစစ်ဆေးရေးစခန်းဂိတ်အတွင်း အစစ်ဆေးမခံဘဲ ပြန်လှည့်ပြေးခဲ့ခြင်းကြောင့်  လိုက်လံဖမ်းဆီးရာ ၁၉၇ မိုင်ရှိ စံလောင်းရွာအနီးတွင် ကားပိုင်ရှင်မှာ ကားနှင့် ခရီးသည် ၁၀ ဦးကို  ထားခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။

ခရီးသည်များမှာ သစ်များပေါ် ထိုင်လိုက်လာပြီး ထွက်ပြေးသူနှင့် မိသားစုများဖြစ်နိုင်ကြောင်း စစ်ဆေးရေးအဖွဲ့ဘက်က ဆိုသည်။

“ စံလောင်းရွာနားမှာ သော့တန်းလန်းနဲ့ ထားပြီး ကားသမားက ထွက်ပြေးသွားတယ်။ သူက ထောင်ကျမယ် ဆိုတာ သိတာကိုး။ ကားရယ်၊ သစ်တွေရယ်၊ ခရီးသည်တွေ ကျန်ခဲ့တာပေါ့။ ခရီးသည်တွေက သစ်တွေပေါ်မှာ ထိုင်လိုက်ကြတာ။ သိပ်တော့မသင်္ကာဘူး။ သူတို့က မိသားစုပုံစံတွေ။ ကလေးတွေလည်း ပါတယ်။ အခုခရီး သည်တွေကိုတော့ မူဆယ်ကားတွေနဲ့ တင်ပေးလိုက်တယ် ”ဟု ဦးတက်ထွန်းအောင်က ပြောသည်။

ဖမ်းဆီးရမိထားသည့် တရားမဝင်ပိတောက်သစ်များကိုနှင့် ကားကို တန်ဖိုးနှင့် တန်ချိန်သိရှိနိုင် ရန်အတွက် လားရှိုးမြို့နယ်သစ်တောရုံးသို့ လွှဲပြောင်းပေးနေပြီဖြစ်ကြောင်းသိရသည်။

၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်မှ စတင်ကာ တရားမဝင်ကုန်စည် တားဆီးထိန်းချုပ်ရေးလုပ်ငန်း အဖြစ် မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှနေ့စဉ် စစ်ဆေးနေခြင်းဖြစ်ပြီး တရားမဝင် ကုန်တင်ကားများ၊ ကျောက်စိမ်းရိုင်းများ၊ သစ်များစသဖြင့် ဖမ်းဆီးရမိခဲ့သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...