ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက်အနိုင်ရ ဒေါက်တာအောင်နိုင်ဦးအား ပြိုင်ဖက် NLD ကိုယ်စားလှယ်လောင်းကန့်ကွက်ထား

ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက်အနိုင်ရ ဒေါက်တာအောင်နိုင်ဦးအား ပြိုင်ဖက် NLD ကိုယ်စားလှယ်လောင်းကန့်ကွက်ထား

စိုင်းထွန်းစံ — ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက်အနိုင်ရထားသည့် မွန်ညီညွတ်ရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးအား ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန် ၎င်း၏ပြိုင်ဖက် မဲရှုံးသည့် NLD ကိုယ်စားလှယ်လောင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတိုင်ကြားထားကြောင်း သိရသည်။

ယင်းသို့ ဒေါက်တာအောင်နိုင်ဦးကို ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်ရခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားသူ NLD ကိုယ်စားလှယ်လောင်း ဦးမင်းကျော်လွင်နှင့် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ထံ မွန်သတင်းအေဂျင်စီ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

“တစ်ဖက်ပါတီ ယှဉ်ပြိုင်ဖက်ပုဂ္ဂိုလ်ကတော့ ရွေးကောက်ပွဲရလဒ်ပေါ်မှာ ပြန်ပြီးတော့ ကန့်ကွက်လွှာတင်ထားတဲ့ သဘောပေါ့။ ဒီအတွက်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ တင်ပြထားပြီးပြီး။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုက်သင်တဲ့ ကူညီပံ့ပိုးမှုတွေတော့ လုပ်သွားမယ်။ နောက်တစ်ခုက ရာမညရှေ့နေကွန်ရက်အဖွဲ့ ကလဲ ကူညီသွားမယ်လို့ သူတို့လဲပြောထားတယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

သို့ရာတွင် ရေးမြို့နယ်တစ်ခုလုံး မဲဆန္ဒနယ် ၅ နေရာနှင့် မုဒုံမြို့နယ် မဲဆန္ဒနယ် ၃ နေရာတွင် NLD ပါတီရှုံးနိမ့်ခဲ့သည့်အပေါ် တစ်စုံတစ်ရာ စောဒကတက်ခြင်းမရှိခဲ့ပေ။

ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန် ကန့်ကွက်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်လွှာအပေါ် အကောင်းဆုံးပြန်လည် ချေပသွားမည် ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်လက်ပြောကြား ခဲ့သည်။

“တည့်တည့်ပြောရရင် ရွေးကောက်ပွဲ သုံးကြိမ်လုံးဆောင်ရွက်ခဲ့တာ အမှားအယွင်းမရှိအောင် အမြဲတမ်း သတိနဲ့ ဖြတ်သန်းကျော်လွှာခဲ့တယ်။ အမှားယွင်းတစ်စုံတစ်ရာ မရှိဘူးလို့ ယုံကြည်တယ်။ အဲ့တာကြောင့်မလို့ ဒီကန့်ကွက်လွှာအပေါ်မှာ အကောင်းဆုံး ခုခံချေပသွားပါမယ်” ဟု ၎င်းကပြောကြားခဲ့သည်။

အဆိုပါ ကန့်ကွက်လွှာနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကြားနာမှုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမင်းကျော်လွင်က ခိုင်လုံမဲ ၁၄၀၀၀ ခန့်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာအောင်နိုင်ဦးက ခိုင်လုံမဲ ၁၅၀၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦးသည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီမှ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရထားသူဖြစ်ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ဒုတိယ ဥက္ကဌဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ၃ ကြိမ်စလုံး ဆက်တိုက်အနိုင်ရရှိထားသူဖြစ်ပြီး မွန်တိုင်းရင်းသားတို့၏ “မြင့်မြတ်သောဟင်္သာ-ပဏိတဟံသာ” ဘွဲ့တဆိပ်တော်အား ချီးမြင့်ခြင်းခံထားရသူဖြစ်သည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...