မွန်ညီညွတ်ရေးပါတီ (MUP) ၏ အနိုင်ရ ကိုယ်စားလှယ်တစ်ဦးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်က ကန့်ကွက်ထားမှုကို ဖေဖော်ဝါရီလဆန်းတွင် ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးသွားမည်။
လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ နှင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စား လှယ် ဒေါက်တာအောင်နိုင်ဦးကို ကန့်ကွက်ထားသည့်ကိစ္စ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် စတင်စစ်ဆေး မည် ဖြစ် သည်။
“ကျနော့်ဆီကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ကနေပြီးတော့ ကန့်ကွက်လွှာနဲ့ ပတ်သက်တဲ့ အကြောင်းအရာစာ ပေးပို့လာတယ်၊ ၃ ရက်နေ့မှာ ကျနော်တို့ ထုချေလွှာတင်သွင်ဖို့ အကြောင်းကြား စာပို့လာ တာပေါ့နော်။ တစ်ဖက်ပါတီပေါ့နော် ကျနော်နဲ့ ယှဥ်ပြိုင်ဘက်ပုဂ္ဂိုလ်ကတော့ ကျနော့်ကို ရွေးကောက်ပွဲ ရလဒ် အပေါ်မှာ ကန့်ကွက်လွှာတင်ထားတဲ့သဘောပေါ့။ ကျနော်လည်း ရွေးကောက်ပွဲ သုံးကြိမ်စလုံး ဆောင်ရွက်ခဲ့ တယ်၊ အမှားအယွင်းမရှိအောင် အမြဲတမ်း သတိနဲ့ ဖြတ်သန်းကျော်လွှာခဲ့တယ်၊ ဒါကျနော် အမှားအယွင်း တစ်စုံ တစ်ရာ ပြုလုပ်ထားခြင်းမရှိဘူးလို့ ကျနော့်ကိုယ်ကျနော်ယုံကြည်တယ်။ ဒါကြောင့် ကန့်ကွက်လွှာအပေါ်မှာ အကောင်းဆုံး ခုခံချေပသွားမယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ကန့်ကွက်ခံထားရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ထုချေလွှာတင်သွင်းရမည့် အကြောင်း ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြောင်းကြားစာပေးပိုးထားပြီးဖြစ်သည်ဟု ဒေါက်တာအောင်နိုင်ဦး က ပြောသည်။
ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုင် အနိုင်ရရှိထားပြီး လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ တာဝန်ယူထားရ သည့် ဒေါက်တာအောင်နိုင်ဦးကို NLD ပါတီမှ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက် လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ကန့်ကွက်ထားသည်။
ဦးမင်းကျော်လွင်သည် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) တွင် ဒေါက်တာအောင်နိုင်ဦးနှင့် ယှဉ်ပြိုင်ခဲ့ပြီး ခိုင်လုံမဲ ၁၄၀၀ ကျော်ဖြင့် ဒေါက်တာအောင်နိုင်ဦးကို ရှုံးနိမ့်ထားသူ ဖြစ်သည်။
ကန့်ကွက်လွှာတင်သွင်းထားသည်နှင့် ပတ်သက်၍ ဦးမင်းကျော်လွင်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
ဒေါက်တာအောင်နိုင်ဦးကတော့ ၎င်းကို ကန့်ကွက်ထားသည့် အချက် ၁၅ ချက်ကျော် ပါဝင်ပြီး အသေးစိတ်ကို တော့ မပြောလိုသေးကြောင်း ပြောသည်။
“ကျနော်ထင်တာတော့ ယှဉ်ပြိုင်မှုပေါ့ဗျာ ရွေးကောက်ပွဲယှဉ်ပြိုင်မှုက တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်လာ တဲ့အပေါ်မှာ သူ့ဘက်ကလည်း မှန်တယ်ထင်လို့ ကန့်ကွက်လွှာတင်သွင်းတယ်လို့ ယူဆတယ်။ ကျနော်တို့ ဘက် ကလည်း လုပ်သမျှ ဘယ်တော့မှ အမှားအယွင်းမရှိအောင် သတိထားပြီးတော့ လုပ်တယ်၊ တချို့အကြောင်း အရာတွေကတော့ သူစိတ်ထဲမှာ ဒါက ဥပဒေနဲ့မညီဘူး ထင်ပုံရလို့ ကန့်ကွက်လွှာတင်သွင်းတယ်လို့ပဲ ပြောချင်ပါ တယ် ဒါပေမယ့် အသေးစိတ်ကတော့ လတ်တလော မပြောလိုသေးဘူး” ဟု ၎င်းက ပြောသည်။
ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေး ကောက်ပွဲရလဒ်များ ကြေညာသည့်နေ့မှစ၍ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်ပြီး သက်သေ အထောက်အထား ခိုင်လုံပါက ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည် ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တွင် အတွက် မွန်ညီညွတ် ရေးပါတီ (MUP)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NMD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) တို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ် ပြိုင်ခဲ့သည်။







