ကိုဗစ်ပိုးတွေ့လူနာတိုးလာသဖြင့် သေဆုံးမှုနှုန်းမြင့်တက်လာ

ကိုဗစ်ပိုးတွေ့လူနာတိုးလာသဖြင့် သေဆုံးမှုနှုန်းမြင့်တက်လာ

ဗညားပိုင် — မွန်ပြည်နယ်တွင် ယခုလအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက်တိုးလာရာ ရောဂါပြင်းထန်သည့်လူနာများသဖြင့် သေဆုံးမှုနှုန်းမြင့်တက်လာကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။

ကိုဗစ်ရောဂါဖြစ်ပွားချိန်ကာလတလျှောက်တွင် ဒီဇင်ဘာလကုန်ပိုင်းအထိ သေဆုံးသူ ၂၅ ဦးခန့်ရှိခဲ့ရာမှ ယခုဇန်နဝါရီလလယ်ပိုင်းတွင် သေဆုံးသူ ၇ ဦးတိုးလာသည့်အတွက် ပြည်နယ်အတွင်း သေဆုံးသူ စုစုပေါင်း ၃၂ ဦးရှိလာကြောင်း သိရသည်။

“ပိုးတွေ့လူနာတွေ များလာမယ်ဆိုရင် ပြင်းထန်တဲ့လူနာ ပိုများမယ် ပြီးရင် သေဆုံးနိုင်တဲ့လူနာလဲ ပိုများလာတဲ့ သဘောတော့ရှိတာပေါ့၊ အရင်ကတော့ လူနာတွေ တစ်ချက်နည်းလာတယ် ဒီဇန်နဝါရီလမှာတော့ လူနာတွေပြန်များလာတယ်၊ ဖြစ်နိုင်ချေကတော့ လူနာတွေများများတွေ့လေလေ သေဆုံးမှုကလည်း ပိုများလာလေပေါ့နော်” ဟု ဒေါက်တာဝတ်မှုံက ဆိုသည်။

ယခုလအတွင်း တစ်နေ့လျှင် ကိုဗစ်-၁၉ ကူးစက်မှုအတည်ပြုလူနာ ၃၀ ဦး မှ ၄၀ ဦးကြားရိနှေကြောင်း ၎င်းကဆက်ပြောသည်။

“တော်တော်များများကတော့ ဆီးချို၊ သွေးတိုး၊ TB အဆုတ်ရောင် ရောဂါတွေ ရှိကြတယ်။ ဒါပေမယ့် ဆိုးဝါးနေတဲ့ ဆီးချိုဝေဒနာရှင်တွေ ဆုံးတာရှိသလို၊ ပြီးတော့ ပုံမှန်သွားလာနေတဲ့ အလုပ်လုပ်ကိုင်နေတဲ့ ဆီးချိုဝေဒနာရှင်တွေလဲ ဆုံးသွားတာရှိတယ်။ သေဆုံးပြီးမှ ရောဂါနာမည် မသိရပဲနဲ့ စစ်ဆေးတဲ့အခါမှာ ရောဂါပိုးတွေ့တဲ့လူ ၅ ယောက်လောက်ရှိတယ် ရောဂါအခံမရှိတဲ့သူတွေပေါ့နော်” ဟု ဒေါက်တာဝတ်မှုံက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာစာရင်း ဇန်နဝါရီလ ၂၀ ရက်နေ့ထိ ၃၀၀၀ ကျော်၊ ရောဂါမှ ပြန်လည်သက်သာလာပြီး ဆေးရုံမှဆင်းခွင့်ရှိသူ ၂၇၀၀ ကျော် ဆေးရုံတွင် လက်ရှိရောဂါကုသနေသူ ၃၁၄ ဦး ရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး၌ ဇန်နဝါရီလ ၂၀ ရက်၊ ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃၅,၇၂၁ ဦးရှိပြီး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၁၉,၃၁၄ ဦး၊ သေဆုံးသူဦးရေ ၂,၉၉၇ ဦးရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေ့စဉ်ပိုးတွေ့လူနာအရေအတွက် ၅၀၀ အောက်သို့ ကျဆင်းလာသည်။

ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...
ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...