မြန်မာနိုင်ငံတွင် ပထမဆုံးပေါ်ထွန်းလာမည့် ဦးဥတ္တမပြတိုက် စစ်တွေတွင်ဆောက်လုပ်

မြန်မာနိုင်ငံတွင် ပထမဆုံးပေါ်ထွန်းလာမည့် ဦးဥတ္တမပြတိုက် စစ်တွေတွင်ဆောက်လုပ်

ဇော်ဝင်းဌေး ၊ ဇွဲဓန -မြန်မာနိုင်ငံတွင် ပထမဆုံးပေါ်ထွန်းလာမည့် အာရှနေဝန်း အရှင်ဦးဥတ္တမ ပြတိုက်ကို စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်၌ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလမှစ၍ ဆောက်လုပ်နေသည်။

ပြတိုက်ထဲတွင် ဆရာတော်အရှင် ဦးဥတ္တမ၏ ကျောင်းသားဘဝ၊ ကိုယ်ရင်ဘဝ၊ ရဟန်းဘဝ၊ အိန္ဒိယ အပါအဝင် နိုင်ငံအများအပြားသို့ သွားရောက်ပြီး လုပ်ဆောင်ခဲ့တဲ့ လွတ်လပ်ရေးဆိုင်ရာ မှတ်တမ်း ဓာတ်ပုံများကို ထည့်သွင်းထားမည်ဖြစ်ပြီး သမိုင်းဝင်ပြတိုက်ဖြစ်အောင် စီစဉ်ဆောက်ရွက်သွားမည်ဟု စစ်တွေမြို့ရွှေစေတီကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင် အရိယဝံသက နိရဥ္စရာသို့ မိန့်သည်။

“ဆရာတော် ဂျပန်မှာ ပါမောက္ခလုပ်ခဲ့တဲ့ မှတ်တမ်းတွေ၊ အင်္ဂလိပ်အစိုးရက ဖမ်းဆီးထောင်ချခဲ့တဲ့ မှတ်တမ်းတွေ၊ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကို သပိတ်မှောက်ပြီးနဲ့တောင်းခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံတွေ၊ ဆရာတော် အိပ်ခဲ့တဲ့ အိပ်ကုတင်တွေ၊ ဆရာတော်သုံးခဲ့တဲ့သပိတ်တွေနဲ့ ဆရာတော် ရေးသားခဲ့တဲ့ စာအုပ်တွေ ထည့်သွင်းထားမယ်” ဟုပြောသည်။

အဆိုပါပြတိုက်ကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် စတင်စီစဉ်ခဲ့သော်လည်း ငွေရေးကြေးရေး အခက်အခဲ များကြောင့် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလမှသာ ဆောက်လုပ်ခဲ့ကာ ဆောက်လုပ်ပြီးစီးနိုင်ရန် အလှူငွေ များလည်း လိုအပ်နေသည်ဟု စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်မှ အရှင်အရိယဝံသ မိန့်သည်။

“ဘုန်းဘုန်းဆီကတော့ အလှူငွေ ကျပ် သိန်း၁ဝဝ လှူဒါန်းတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ရခိုင်လူငယ်များက သိန်း၁ဝဝ လောက် လှူဒါန်းတယ်။ နောက်ပြီးတော့ ကမ္ဘောဇဘဏ် မိသားစုမှ  ဦးအောင်ကိုဝင်းက သိန်း၁ဝဝ လှူဒါန်းတယ်။ အဲဒီ သိန်း ၃ဝဝ နဲ့ ဆောက်လုပ်ခဲ့ပြီးတော့ ၁သိန်း၊ ၂သိန်း ၊ ၃သိန်း၊ ၁ဝသိန်း ထည့်ဝင်သူများလည်း ရှိကြတယ်။ အဆောက်အအုံကတော့ သိန်း ၃ဝဝဝ လောက် ကုန်ကျမယ်။ အခုကတော့ စေတနာထက်သန်စွာနဲ့ အဓိကကူညီလုပ်ပေးနေတာကတော့ မြန်မာ့အိမ်ယာ ဖွံ့ဖြိုးရေး ကုမ္ပဏီက ဖြစ်ပြီး  ပြတိုက်ကိုတည်ဆောက်နေတဲ့အခါ အင်ဂျင်နီယာကြီးကြပ်ခတွေ မယူဘူး။ လောလောဆယ်တော့ သိန်း၁ဝဝဝ နီးပါးခန့် ဆောက်လုပ်ပြီးစီးနေပြီး နောက်ထပ် သိန်း ၁၅ဝဝ လောက် လိုအပ်နေသေးတာကြောင့် အခက်အခဲများလည်း ရှိနေသေးတယ်” ဟု မိန့်သည်။

၄င်းပြတိုက်ကြီးအတွက် အလှူငွေများ လှူဒါန်းထည့်ဝင်လိုသူများအနေဖြင့် စစ်တွေမြို့ ရွှေစေတီ ကျောင်းတိုက်သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆရာတော် ဦးဥတ္တမသည် စစ်တွေမြို့ ရွှေစေတီကျောင်းတွင် သီတင်သုံးနေထိုင်ခဲ့ပြီး ၁၉၂၇ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် အိန္ဒိယသို့ ထွက်ခွာသွားခဲ့ပြီး  အိန္ဒိယတွင် ဂန္ဒီတို့နှင့်အတူ နိုင်ငံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပြီး မဟာဆဗ္ဗဟိန္ဒူအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်ဟုလည်း အရှင် အရိယဝံသဆက်မိန့်သည်။

ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ခဲ့သည်မှာ ၁၉၁ရခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ နှစ်ပေါင်း ၂ဝ ရှိကာ အဆိုပါကာလအတွင်းတွင် နိုင်ငံရေးလှုပ်ရှားတက်ကြွလုပ်ရှားမှု လုပ်ငန်းစဉ်များကြောင့် ၁၉၂၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၂၄ ခုနှစ်တွင် တစ်ကြိမ်ထောင်ဒဏ်ကျခံခဲ့ရသည်ဟု သိရသည်။ (အချို ့သော အထောက်အထားများ၌  ၁၉၂၈ ခုနှစ်တွင် ဖမ်းဆီးခဲ့ရသည်ဟု ဖော်ပြထားပြီး ထောက်ဒဏ်ကျခံခဲ့ခြင်းကို ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။)

ဆရာတော်ကြီး၏ ငယ်နာမည်သည် ပေါ်ထွန်းအောင် ဖြစ်ကာ ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈ နေ့( မြန်မာ  သက္ကရာဇ် ၁၂၄၁ ခုနှစ်၊ ပြာသို လပြည့်ကျော် ၁ နေ့) တွင်  ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ ရူပ မြောက်ရပ်ကွက် မွေးဖွားခဲ့ပြီး ၁၉၃၉ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့( မြန်မာသက္ကရာဇ် ၁၃ဝ၁၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့) ည ၁ နာရီ ၃၅ မိနစ် အချိန်တွင် ပျံတော်မူခဲ့သည်ဟု သိရသည်။

ဆရာတော် ဦးဥတ္တမ၏ နောက်ဆုံးခရီးကို ၁၉၄ဝ ပြည့်နှစ် မတ်လ ၂ဝ ရက်နေ့တွင် ပုဇွန်တောင်၊ ညောင်ကုန်းကျောင်းတိုက်မှ ကရဝိက်ဖောင်တော်ဖြင့် ရွှေတိဂုံခြေရင်းသို့ စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ခဲ့ပြီး မတ်လ ၂၂ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ခြေရင်း၌  မီးသင်္ဂြိုဟ်ပူဇော်ခဲ့ကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...