တိုင်းရင်းသားပါတီတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ဆိုရင်…

တိုင်းရင်းသားပါတီတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ဆိုရင်…

သွေး — ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် အရေးအကြီးဆုံး အချက်က တိုင်းရင်းသား တန်းတူရည်တူ ရှိဖို့ပါပဲ။ ဒီနေ့ထက်ထိ ပဋိပက္ခတွေ မချုပ်ငြိမ်းသေးဘဲ ငြိမ်းချမ်းရေး မရသေးတာလည်း တိုင်းရင်းသား တန်းတူညီမျှမှု မရှိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသား တန်းတူရည်တူ ရှိရေး အတွက် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အနေနဲ့ မဖြစ်မနေ ကြိုးပမ်းသွားရမှာပါ။

 

တိုင်းရင်းသား အများစု နေထိုင်ကြတဲ့ ပြည်နယ်တွေမှာပါ NLD ပါတီက အနိုင်ရရှိခဲ့တာကို ကြည့်ရင် တိုင်းရင်းသားတွေ အနေနဲ့ NLD ပါတီ အပေါ် မျှော်လင့်ချက်ကြီးကြီး ရှိနေတာ ထင်ရှားပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့၊ လိုအပ်ချက်တွေ ဆောင်ကျဉ်းပေးနိုင်ဖို့ အကောင်အထည် ဖော်ရမှာ ဖြစ်သလို တစ်ဖက်ကလည်း တိုင်းရင်းသားပါတီတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း တည်ဆောက်နိုင်ဖို့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းအတွင်း NLD ကိုယ်စားလှယ်အများစု ပါဝင်ခဲ့တဲ့ လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေရဲ့ အသံတွေ ထုတ်ဖော်ခွင့်ရတာ နည်းပါးတယ် ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

၂၀၂၀ ရေွးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပါတီတွေထဲမှာ ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ရခိုင်ရှေ့ဆောင်ပါတီ စတဲ့ ပါတီတွေ ပါဝင်တာ တွေ့ရပါတယ်။ NLD ပါတီဘက်က တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေး‌နွေးမယ် လို့ ပြောလာတာကို ကြိုဆိုရမှာပါ။ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ အတွက် NLD ပါတီဘက်က ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုံခါးနော်ဆမ် တို့ကို တာဝန်ပေးအပ်ခဲ့တာပါ။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တိုင်းရင်းသား ပါတီတွေဘက်က လိုလားတဲ့ တောင်းဆိုချက်တွေကို NLD ပါတီက စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေက ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆီ ပြန်လည်တင်ပြရမှာ ဖြစ်တယ် လို့လည်း ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားပါတယ်။

NLD ဘက်က ကမ်းလှမ်းခဲ့တဲ့ အဆိုပါ တွေ့ဆုံမှု အတွက် ပါတီ ၁၂ ခုက တွေ့ဆုံသွားမယ် လို့ အကြောင်းပြန်ထားပြီး အကြောင်းမပြန်သေးတဲ့ ပါတီတွေလည်း ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကတော့ ပထမဦးဆုံးသော ခရီးစဉ် အဖြစ် ကချင်ပြည်နယ်က အနိုင်ရပါတီ ၃ ခုက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှု စတင်ကြိုးစားလာပါတယ်။ အဲဒီ အနိုင်ရပါတီ ၃ ခုက လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) တို့ ဖြစ်ကြပါတယ်။ ဒါပေမဲ့ တစ်ဖက်က လိုလားတာက အနိုင်ရပါတီက ကိုယ်စားလှယ်တွေချည့် မဟုတ်ဘဲ ကျန်တဲ့ပါတီတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တွေနဲ့ပါ တွေ့ဆုံစေလိုတာ ဖြစ်ပါတယ်။

ဒါအပြင် မွန်ညီညွတ်ရေးပါတီ၊ ‘ဝ’အမျိုးသားပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီတို့ဟာ အချင်းချင်း မဟာမိတ်ဖွဲ့ထားကြ ပါတယ်။ တကယ်တော့ အနိုင်ရပါတီတွေက ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့ဆုံတာနဲ့ စာရင် သက်ဆိုင်ရာတိုင်းရင်းသား ပါတီတွေဘက်က ပါတီကိုယ်စားပြုတဲ့ အဖွဲ့တွေနဲ့ပါ တွေ့ဆုံတာက NLD နဲ့ တိုင်းရင်းသားပါတီတွေ အကြား ရင်းနှီးမှု ပိုရလာနိုင်သလို့ သဘောထားအမြင်တွေကိုလည်း ပိုမိုဖလှယ်နိုင်ကြမှာ ဖြစ်တယ် လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။ ကချင်ပြည်နယ်က တွေ့ဆုံပွဲဟာလည်း မျှော်မှန်းသလောက် ခရီးမရောက်ခဲ့တဲ့ သဘော ဖြစ်သွားခဲ့ပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာတော့ NLD နဲ့ မွန်ညီညွတ်ရေးပါတီတို့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပေမဲ့ တွေ့ဆုံမယ့် နေရာ အတွက် ညှိနှိုင်းမရခဲ့တာကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့ရပါတယ်။ မွန်ပြည်နယ် NLD ရုံးမှာ တွေ့ဆုံကြဖို့ ဖြစ်ပေမဲ့ မွန်ညီညွတ်ရေးပါတီ ဘက်က တတိယနေရာတစ်ခုမှာ တွေ့ဆုံဖို့ လိုလားခဲ့တာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်တယ် ဆိုရင် အင်အားကြီးတဲ့ NLD ပါတီဘက်က သဘောထားကြီးဖို့ လိုတယ် ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ တတိယနေရာမှာ တွေ့ဆုံဖို့ မေတ္တာရပ်ခံရတာက ပါတီတစ်ခုနဲ့ တစ်ခုကြား အပြန်အလှန်အလေးထားမှု၊ တန်းတူသဘောထားမှု အပေါ် အခြေခံတယ် လို့ ပြောပါတယ်။ ဒီလို တွေ့ဆုံမယ့် နေရာတစ်ခုကိုတောင် ပြေလည်အောင် ညှိနှိုင်းမရရင် ဒီထက်ပို အရေးကြီးတဲ့ ကိစ္စတွေမှာ ဘယ်လို ညှိနှိုင်းကြမလဲ လို့ မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။

ဒီအနေအထားကို ကြည့်ရင် NLD ပါတီနဲ့ တိုင်းရင်းသားပါတီကြား အပြန်အလှန်အလေးထားဆက်ဆံမှု၊ တန်းတူရည်တူ သဘောထားမှုကို ပြသ ဖော်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်။ မွန်ပြည်နယ်ချောင်းဆုံမြို့နယ်က ချောင်းဆုံတံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” လို့ အမည်ပေးခဲ့တဲ့ ကိစ္စ၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ဆောင်ဆန်း ရုပ်တု ထားရှိခဲ့တဲ့ ကိစ္စတွေမှာ ကန့်ကွက်မှုတွေ ရှိတာ အားလုံး အသိ ဖြစ်ပါတယ်။ အလားတူ ကရင်တိုင်းရင်းသားတွေ လေးစားတဲ့ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်တုစိုက်ထူမှာလည်း ရုပ်တုကို ပြန်ဖယ်ရှားခံခဲ့ရတာ ရှိပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့က ထုတ်ပြန်တဲ့ ကရင်လူ့အခွင့်အရေး အဖွဲ့ရဲ့ ကြေညာချက်မှာ – “မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားသော တိုင်းရင်းသး လူမျိုးများက သာတူညီမျှစွာ ယှဉ်တွဲနေထိုင်နိုင်သော ပြည်ထောင်စု တစ်ခုအဖြစ်သို့ ရပ်တည်မည် ဆိုလျှင် လူမျိုးကို အခြေခံ၍ ခွဲခြားမှု မရှိဘဲ ပြည်သူအားလုံးမှ တန်းတူညီမျှသော အခွင့်အရေးများကို ရရှိမည် ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်ကလည်း NLD ပါတီရုံးမှာ တွေ့ဆုံမှာ မဟုတ်ဘဲ တတိယနေရာမှာသာ တွေ့ဆုံသွားမယ် လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။ ယခုဆောင်းပါး ရေးနေတဲ့ အချိန်မှာတော့ NLD ပါတီက ကိုယ်စားလှယ်အဖွဲ့ဟာ ကယားနဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို စတင်နေပါပြီ။

ဒါပေမဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုဒီးဒီက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဘက်ကို အကြောင်းကြားလာတာ မရှိဘူး လို့ RFA သတင်းဌာနကို ပြောကြားထားပါတယ်။ မွန်ညီညွတ်ရေးပါတီနဲ့ တွေ့ဆုံမှု မချောမွေ့ခဲ့ပေမဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီတို့နဲ့ တွေ့ဆုံမှုက အဆင်ပြေမလား စိတ်ဝင်စားစရာပါ။

NLD ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၁၁ ရက်နေ့က လွိုင်ကော်မြို့ကို ရောက်ရှိသွားပြီး ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဘက်ကတော့ လူငယ်တွေရဲ့ အသံကို အလေးထားတယ် လို့ ဆိုပါတယ်။ ဒါအပြင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လာရင် တိကျတဲ့ မူဝါဒ ချပြဖို့ကိုပါ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဘက်က လိုလားနေတာပါ။ ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ တွေ့ဆုံမယ့်နေရာ အတွက် ညှိနှိုင်းရေး အဆင်မပြေလို့ တွေ့ဆုံပွဲ ပျက်ပြားသွားရပြန်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌကလည်း တိုင်းပြည်ရဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ရာမှာ တန်းတူရည်တူ ဆက်ဆံရင် NLD နဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု တည်ဆောက်တာ တစ်ဝက်အောင်မြင်နိုင်မယ် လို့ ပြောကြားပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ အင်အားကြီး အနိုင်ရပါတီ ဖြစ်တဲ့ NLD ကြား ယုံကြည်မှုတည်ဆောက်ရေးဟာ ဘယ်လောက်အထိ အရေးကြီးသလဲ ဆိုတာ သိသာစေပါတယ်။ တိုင်းရင်းသားပါတီတွေဘက်က လိုလားတဲ့ နေရာတွေမှာ တွေ့ဆုံနိုင်ရင် အပြန်အလှန် အလေးထားမှုကို ပြသရာ ရောက်သလို အနာဂတ်ဆက်ဆံရေးမှာလည်း ပိုမိုရင်းနှီးလာပြီး အဆင်ပြေချောမွေ့မယ် လို့ ယူဆရပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်နိုင်ဖို့ NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားမျိုးနွယ်စု ပြည်သူတွေကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။ တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်ရုံမျှသာမက သဘောထားကြီးမှု၊ အပြန်အလှန် လေးစားမှု၊ တန်းတူရည်တူဆက်ဆံမှုတွေနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပြီး ပဋိပက္ခတွေ ချုပ်ငြိမ်းကာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။  ။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...