စစ်ရှောင် COVID-19 လူနာနှင့် ထိစပ်သူများတွင် ရောဂါပိုးမတွေ့

စစ်ရှောင် COVID-19 လူနာနှင့် ထိစပ်သူများတွင် ရောဂါပိုးမတွေ့

ကချင်ပြည်နယ် စစ်ရှောင်စခန်းမှ COVID-19 ပိုးတွေ့လူနာနှင့် ဆက်စပ်ခဲ့သူ ၄၄ ဦးအား ပထမအကြိမ် အာခေါင်တို့ဖတ်နမူနာ စစ်ဆေးခဲ့ရာ အားလုံးတွင် ပိုးတွေ့ရှိခဲ့ခြင်း မရှိပါ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလန နယ်မြေအတွင်း က စိန့်ဂျိုးဇက် (St. Joseph) စစ်ရှောင်စခန်းမှ COVID-19 ပိုးတွေ့လူနာနှင့် ဆက်စပ်ခဲ့သူ ၄၄ ဦးအား ဇန္နဝါရီလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ် အာခေါင်တို့ဖတ်နမူနာ စစ်ဆေးမှုများ ထပ်မံပြုလုပ်မည်ဟု စခန်းတာဝန်ခံက ပြောသည်။

စစ်ရှောင်စခန်းတာဝန်ခံ ဦးခွန်အောင် “ပြောမယ်ဆိုရင်တော့ နောက်ထပ် ၁၇ ရက်နေ့မှာ အဲ့ဒီ ၄၄ ဦးကို ထပ်ပြီး ရောဂါစစ်ဆေးရအုံးမှာပေါ့နော်။ အဲ့လို ထပ်စစ်ရမှာဆိုတော့ အဲ့လူတွေ positive မဖြစ်ဖို့လည်း ဆုတောင်းနေ ရတယ်။ အခုက ပထမ တစ်ခေါက်ပဲ စစ် ထားရသေးတာကိုးနော်။ ဒုတိယတစ်ခေါက်ကို ဒီလ ၁၇ ရက်နေ့မှာ ထပ်စစ်ရမှာပေါ့နော်။ အဲ့မှာ တစ်ယောက် ယောက်များ positive ဖြစ်ပေါ်လာမယ်ဆိုရင်လည်း ဒီ့ထက် အခက် အခဲတွေ ပိုများလာနိုင်တာပေါ့” ဟု ပြောသည်။

ဇန္နဝါရီလ ၁၀ ရက်နေ့က စခန်းအတွင်း အသက် ၁၅ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး COVID-19 ပိုးတွေ့ ရှိ ပြီးနောက် ၎င်းနှင့် ဆက်စပ်သူများအား ဆေးစစ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“သူတို့ ၄၄ ယောက်ကို အခုက ကျနော်တို့ Camp မှာပဲ သူတိုရဲ့ အိမ်မှာပဲ ပြောရမယ်ဆိုရင် ကိုယ့်အခန်းမှာပဲ မိ သားစုလိုက် နေခိုင်းထားတယ်။ ကျန်းမာရေးနဲ့အညီ Mask တပ်၊ လက်ဆေး၊ အပြင်မထွက်ခိုင်းပဲ ကောင်း ကောင်းမွန်မွန် အဲ့လိုပဲ နေခိုင်းထားတယ်။”

COVID-19 ပို့တွေ့ ရှိထားသည့် ပလနနယ်မြေအတွင်း က စိန့်ဂျိုးဇက် (St. Joseph) စစ်ရှောင်စခန်းအား

ယခုခါ LOCK DOWN ချထားရပြီး စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန် လမ်းညွန်ချက်များ ထုတ်ထား ရသည်ဟု ဦးခွန်အောင် က ဆက်ပြောသည်။

“ကျနော်တို့ စစ်ရှောင်စခန်းတွေက လမ်းညွန်ချက်အတိုင်းနေနိုင်ရင်တော့ အကောင်းဆုံးပါပဲ၊ ကျနော်တို့က ခြံ တစ်ခြံထဲတင်မကပဲ အိမ်တန်းလျားတစ်ခုမှ အခန်းကန့်ပြီးတော့ နေတဲ့အတွက်ကြောင့်မို့လို့ ဖြစ်ပြီဟေ့ဆိုရင် တခြားအပြင်မှာ ရွာမှာ နေတဲ့လူတွေနဲ့စာရင် ကူးစက်မှုက မြန်နိုင်တယ်လေနော်။ ဆိုးဆိုးရွားရွား ဖြစ်နိုင်တယ် လေ။ ဒါကြောင့် တော်တော်လေး သတိထားဖို့ လိုအပ်တာပေါ့။”

ယခုအခါ စစ်ရှောင်စခန်းအား LOCK DOWN ချထားသည့်အတွက် စစ်ရှောင်များ စားနပ်ရိက္ခာအခက်အခဲများ လည်း ရှိနေသည်ဟု စစ်ရှောင်စခန်းတာဝန်ခံ က ပြောသည်။

“ကျနော်တို့ ဆီမှာက အခက်အခဲတွေက အများကြီးပေါ့နော်။ ဝမ်းစာရေးအဆင်မပြေတာရော တင်ပြလာတွေ ရှိတယ်။ COVID-19 ကာလဆိုတော့ ပိုဆိုးတာပေါ့။ လောလောဆယ်ဆယ်ဆိုရင်လည်း Camp တွေ အများ ကြီးရှိတဲ့အထဲမှာ ကျနော်တို့ စခန်းက ပထမဆုံး ပိုးကူးခံထားရ တော့ စိတ်လည်းမကောင်းဘူး။ စိတ်မပျော်ဘူး။ နောက်ထပ်ရော ဘာတွေများ ဖြစ်လာမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ လည်း အများကြီးရှိတယ်” ဟု ဦးခွန်အောင် က ပြောသည်။

COVID-19 ရောဂါ ကူးစက်ခြင်းခံထားရသည့် စစ်ရှောင်အမျိုးသားအား လက်ရှိတွင် မြစ်ကြီးနားပြည်သူ့ ဆေးရုံ တွင် ဆေးကုသမှုခံနေရပြီး ၎င်း၏ မိသားစုဝင် ၄ ဦးအား Quarantine Center တွင် သီးသန့်ထား ထားသည်ဟု သိရသည်။

ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးဌာန၏ ဇန္နဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီအထိထုတ်ပြန် ထားသည့် စာရင်းအရ ကချင်ပြည်နယ်အတွင်း COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇၁၀ ဦး ရှိပြီဖြစ်သည်။

ပလန နယ်မြေအတွင်းရှိ စိန့်ဂျိုးဇက် (St. Joseph) တွင် အင်ဂျန်းယန်မြို့နယ်ထဲကစစ်ရှောင်အများဆုံးဖြစ်ပြီး  ဆွမ်ပရာဘွမ်၊ တနိုင်း၊ ဝိုင်းမော်မြို့နယ်တို့မှ စစ်ဘေးတိန်းရှောင်ထွက်ပြေးလာသည့် ဒေသခံများဖြစ်ပြီး၊ စခန်း အတွင်း စစ်ရှောင် အိမ်ထောင်မိသားစုပေါင်း ၃၉၈ စု၊ လူဦးအားဖြင့် ၂၀၀၀ ကျော် ရှိသည်။

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...