COVID-19 ကူးစက်မှုကြောင့် ဝင်ထွက်ခွင့် ပိတ်ထားလိုက်ရသည့်အတွက် မြစ်ကြီးနားမြို့ရှိ ကချင်စစ်ရှောင်စခန်းတစ်ခုတွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည်ဟု စခန်းတာဝန်ခံက ပြောသည်။
မြစ်ကြီးနားမြို့၊ ပလနနယ်မြေအတွင်းရှိ စိန့်ဂျိုးဇက် (St. Joseph) စစ်ရှောင်စခန်းမှ အသက် ၁၅ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးထံမှ ဇန္နဝါရီလ ၁၀ ရက်နေ့က COVID-19 ပိုးတွေ့ရှိပြီးနောက် စခန်းအား LOCK DOWN ချထားလိုက်ရခြင်းဖြစ်သည်။
စခန်းတာဝန်ခံ ဦးခွန်အောင် က “အခုနက ပြောသလိုပါပဲ၊ အဓိကတော့ စားဝတ်နေရေးပေါ့နော်။ ဒါက ခက်ခဲတာပေါ့။ အခုဆို Camp အတွင်း မှ တချို့ ပြည်သူတွေက အစားအသောက်အခက်အခဲ ရှိကြောင်း ကျနော့်ဆီမှာ တင်ပြလာတာတွေ ရှိလာပြီ။ ကျနော်တို့ကတော့ လူမှုကူညီရေးအသင်းအဖွဲ့ပေါ့ မြစ်ကြီးနား ကရုဏာက ကြည့်ရှုတဲ့ဟာ ဖြစ်တဲ့အတွက် သူတို့ ကိုတော့ တောက်လျှောက် သတင်းအချက်အလက်တွေ ပို့နေပါတယ်။ ကျနော်တို့ကတော့ ခက်ခဲနေတယ်ဆို တော့ အစိုးရကို တင်ပြချင်ပေမယ့် ဘယ်လိုတင်ပြရမလဲဆိုတဲ့အပိုင်းပေါ့ အဲ့ဒါ အခက်အခဲဖြစ်တာပေါ့။ လတ် တလောကတော့ ကရုဏာအဖွဲ့ကိုပဲ တင်ပြထားတယ်” ဟု ပြောသည်။
စစ်ရှောင်များမှာ COVID-19 ကပ်ရောဂါကာလအတွင်း ကန့်သတ်ချက်များနှင့်အညီ နေထိုင်သွားလာရခြင်း၊ အပြင်သို့ အလုပ်ထွက်လုပ်ရ အခက်အခဲများရှိနေခြင်းတို့အပြင် ယခုကဲ့သို့ စစ်ရှောင်စခန်းအား LOCK DOWN ချထားလိုက်သည့်အတွက် ပိုမိုခက်ခဲလာခြင်းဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။
လက်ရှိအခြေအနေတွင် စခန်းတစ်ခုလုံး ဝင်ထွက်ခွင့်ပိတ်ထားသည်ဟု ဦးခွန်အောင်က ပြောသည်။
“ထိတွေ့တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ထုတ်ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြီ။ ၄၄ ဦး စစ်ဆေးပြီးပြီ၊ အကုန်လုံးရဲ့ အဖြေကတော့ Negative ဖြစ်ပါတယ်။ လောလောဆယ်ကတော့ Lock Down ချထားတဲ့အနေအထားပါပဲ။ နောက်ထပ်တစ်ခေါက် ထပ်စစ်ရအုံးမှာဆိုတော့ အဲ့ဒီအပေါ်မှာလည်း စိုးရိမ်နေရတယ်။”
ကူးစက်ခံရသူ လူငယ်နှင့် ပတ်သက်၍ ကူးစက်မှု ရာဇဝင်ကို မသိရသေးပဲ ရှိနေသည်။
“အခု သူ့ရဲ့ ရာဇဝင်ကို ကြည့်မယ်ဆိုရင် အင်ဂျန်းယန် တောင်ပေါ်ဒေသက လရှီယန် ဆိုတဲ့ နေရာ မှာ ရွှေကျင်တယ်။ နောက်ပြီး ကလေးတွေဆိုတော့ တစ်ခါခါ အပြင်သွားတာမျိုးလည်းရှိတယ်ဆိုတော့လေ ပြောဖို့တော့ခက်နေတယ်” ဟု ပြောသည်။
စခန်းတွင်း နေထိုင်သူများမှာ စခန်း စည်းကမ်းများနှင့် အညီနေထိုင်ရသော်လည်း စားဝတ်နေရေး အခက်အခဲများကြောင့် အပြင်ထွက် အလုပ်လုပ်ခွင့်ပြုရခြင်းများ ရှိသည်ဟု ဦးခွန်အောင်က ဆက်ပြောသည်။
အစိုးရတာဝန်ရှိသူများနှင့် ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (Karuna Mission Social Solidarity – KMSS) တို့က COVID-19 ကာကွယ်ရေးပစ္စည်းများ၊ စစ်ဆေးမှုများနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ဆေးဝါး ပစ္စည်းများကို လာရောက်ပံ့ပိုးပေးခဲ့သော်လည်း အစားအသောက် စားနပ်ရိက္ခာ လိုအပ်ချက်များအတွက် ပံ့ပိုး ထောက်ပံ့ပေးခြင်းများ မရှိသေး ဟု ဦးခွန်အောင် က ပြောသည်။
“စားနပ်ရိက္ခာကျတော့ အစိုးရဘက်ကတော့ ဘာသံမှတော့ မကြားရသေးဘူး။ ဟိုတလော စစချင်းဖြစ်တဲ့ အခါ ကြတော့ နိုင်ငံတော်အစိုး ရ ကျန်းမာရေးဌာနတို့၊ အုပ်ချုပ်ရေးတို့ လတ်တလော ဆေးဝါးကုသမှု ထိတွေ့တဲ့ ပုဂ္ဂိုလ်တွေကို စစ်ဆေးမှုတွေ လုပ်တယ်။ ဆေးဝါးပစ္စည်း၊ Mask တို့၊ Hand gel တို့ လိုအပ်တဲ့ပစ္စည်းလေးတွေ ပံ့ပိုးသွားတာတော့ ရခဲ့ပါ တယ်။ ကရုဏာကလည်း ဖြစ်တဲ့နေ့ရောက်လာပြီး ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်စပ်ပြီး လိုအပ်တဲ့ ဆေးဝါး ကာကွယ်ရေး ပစ္စည်းတွေ လာပေးခဲ့တယ်။ စစ်ဆေးတာတွေလုပ်ပေးတယ်။ အခုလတ် တလောမှာတော့ ဘယ်သူမှ ဝမ်းစာရေးအတွက် တစ်စုံတစ်ရာ ကူညီတာမျိုးမရှိသေးဘူး။ ဖြစ်နိုင်ရင်တော့ ဒီကြားထဲမှာ အစားအသောက်တွေ ရောက်လာဖို့ မျှော်လင့်တယ်။ မကြာခင်ရောက်လာဖို့ မျှော်လင့်ပါတယ်။”
COVID-19 ရောဂါ ကူးစက်ခြင်းခံထားရသည့် စစ်ရှောင်အမျိုးသားမှာ လက်ရှိတွင် မြစ်ကြီးနားပြည်သူ့ ဆေး ရုံတွင် ဆေးကုသမှုခံနေရပြီး ၎င်း၏ မိသားစု ၄ဦးကို Quarantine Center တွင် ထားထားသည်ဟု သိရသည်။
ထို့အပြင် ရောဂါ ကူးစက်ခံထားရသူနှင့် ဆက်စပ်ခဲ့သူ ၄၄ ဦးအားလည်း စစ်ရှောင်စခန်းအတွင်း သီးခြားခွဲ ထား ပြီး၊ အာခေါင်တို့ဖတ် နမူနာ စစ်ဆေးမှုများ ပထမအကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ရာ အားလုံးမှာ Negative အဖြေထွက်ထားသည်ဟု ဦးခွန်အောင် က ပြောသည်။
ပလနနယ်မြေအတွင်းရှိ စိန့်ဂျိုးဇက် (St. Joseph) တွင် စစ်ရှောင် အိမ်ထောင်မိသားစု ၃၀၀ ကျော်၊ လူဦးအားဖြင့် ၂၀၀၀ ကျော် ရှိသည်။







