မွန်ပြည်နယ်တွင် မူးယစ်ဆေး ဖမ်းဆီးရမှု နှစ်ဆတိုး

မွန်ပြည်နယ်တွင် မူးယစ်ဆေး ဖမ်းဆီးရမှု နှစ်ဆတိုး

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည် ယခင်နှစ်ကထက် နှစ်ဆနီးပါး များ သည် ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုစာရင်းများ အရ သိရသည်။

၂၀၁၉ ခုနှစ်က ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၄၆၀ မှုရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ လအထိ ဖမ်းဆီးရမိမှုသည် ၇၇၁ မှုရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မူးယစ်ဆေးဝါးကတော့ အမြတ်အစွန်းကြီးမားတဲ့ကိစ္စဆိုတဲ့အခါကျတော့ ဒီမူးယစ်ဆေးဝါးက ထောင် ၁၀ နှစ် တို့ ၁၅ နှစ်တို့ ဘယ်လောက်ပဲပြောပြော ငွေရလွယ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဟာက ဘယ်လိုမှ တားမရ ထိန်းမနိုင်အောင် ကြီးထွားလာတာပေါ့နော်။ နောက်ပြီးတော့ ဒီလူတွေ ထောင်ထဲရောက်သွားလို့ အပြစ်ကျပြီး ပြန်ထွက်လာရင်လည်း ဒီအလုပ်ကိုပဲ ထပ်လုပ်တဲ့အတွက်ကြောင့် ဒီမူးယစ်ဆေးဝါးက ပိုပြီး ကြီး ထွားလာတာ” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်း က ပြောသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုများတွင် WY ဆေးပြားအမှု အများဆုံးပါဝင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှု အခြေအနေသည် တားဆီး၍ မရနိုင်လောက်အောင် ကြီးထွားလာနေသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့် အတူ လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိသည့်ဖြစ်စဉ်များလည်း ရှိလာသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) က ဆက်ပြောသည်။

မွန်ပြည်သူလူထုများအကြား အထူးသဖြင့် လူငယ်များအကြား ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး ပြဿ နာများ ကို မွန်ပြည်သစ်ပါတီကလည်း အရှိန်မြှင့် ကိုယ်တွယ်လာခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ ရောင်းဝယ်ဖောက် ကားသူများကို ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်နေသည်။

မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေသူအချို့သည် လက်နက်ကိုင်တပ်ဖွဲ့တို့နှင့် ဆက်နွယ်မှုရှိနေပြီး အဆိုပါ ဖြစ်စဉ်မျိုးကြောင့် ကိုင်တွယ်ရန် ခက်ခဲသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများ က ပြောသည်။

“လုပ်ငန်းအကြီးလုပ်တဲ့သူကျတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာရှိတယ်၊ ကျနော် တို့ ဖမ်းမိ ထားတာလည်းရှိတယ်” ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင် ဥက္ကဋ္ဌ နိုင်ဧက က ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ဖမ်းဆီးရမိလျှင် ရောင်းဝယ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ငွေ ဒဏ်ကိုလည်းကောင်း သုံးစွဲသူများကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ လနှင့် ငွေဒဏ်ကိုလည်းကောင်း  အရေး ယူနေသည်။

ထို့အပြင် မူးယစ်ဆေးစွဲနေသူများကို ပါတီခရိုင်ဌာနချုပ်တို့တွင် ထိန်းသိမ်းထားပြီး ပညာပေးနေသည့်အပြင် မူးယစ်ဆေးကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတစ်ခု ဖွင့်လှစ်သွားရန်လည်း မွန်ပြည်သစ်ပါတီက စီစဉ် လျက်ရှိသည်။

မူးယစ်ဆေးဝါး ဆိုးရွားစွာ ကျယ်ပြန့်လာနေသည့် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ် ရန်အတွက် မွန်ပြည်သစ်ပါတီက ၂၀၁၂ ခုနှစ်မှစပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေး အစီအစဉ်ကို စတင်ခဲ့ကာ သက် ဆိုင်ရာရဲ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များ နှင့် ပူးပေါင်းပြီး ပညာပေးခြင်း၊ မိဘများမှတဆင့် မူးယစ်သုံးစွဲ နေသူများအား ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...