NCA အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ) ပိုင်းကို COVID-19 ကပ် ရောဂါအခြေအနေကောင်းမှသာ ကျင်းပနိုင်မည့် အနေအထားတွင် ရှိနေသည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သား များ ဒီမိုကရက်တစ် တပ်ဦး ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။
“ဘယ်တော့ ဖြစ်နိုင်မလဲဆိုတော့ ရောဂါ အခြေအနေက အခုက မြန်မာပြည်ဖက်မှာ အခြေအ နေကောင်းလာရင် ထိုင်းဖက်ဖြစ် ထိုင်းဖက် အခြေအနေ ကောင်းလာရင် မြန်မာပြည်ဖြစ် နှစ်နိုင်ငံ အဲလို အပြန်အလှန်ဖြစ်နေတာကိုး ကြည့်နေရ တာပေါ့ ရောဂါ အခြေအနေနော်”
NCA အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ) ပိုင်းကို ပြီးခဲ့ သည့်နှစ် အောက်တိုဘာလကတည်း ပြုလုပ်ရန် စီစဉ်ထားကြသော်လည်း ကပ်ရောဂါ အခြေ အနေများ ကြောင့် တစ်လပြီးတစ်လ ပြောင်းလဲသတ်မှတ်လာသည်မှာ ယခုအချိန်အထိဖြစ်သည်ဟု ဦးမျိုးဝင်း က ဆက် ပြောသည်။
“Date သတ်မှတ်ထားတာ ကြာပြီ အဲဒါတွေ ပြောနေမယ်ဆိုရင်တော့ ဟိုး အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာကတည်းက သတ်မှတ်ထားတာ အခုက လက်တွေ့က လုပ်လို့မှ မရတာကိုး။ လုပ်ချင်တာတော့ အခု ချက်ချင်း လုပ်ချင်တာပေါ့။ လုပ်လို့မှ မရတာပဲ ဘယ်တတ်နိုင်မလဲ။ ဒါက ကိုယ်ဖန်တီးလို့ ရတဲ့ ကိစ္စမျိုး မှ မဟုတ်တာ။”
အပစ်ရပ်အဖွဲ့များ အနေဖြင့် မြန်မာ နှင့် ထိုင်းနိုင်ငံ နယ်စပ်တို့တွင် အခြေပြုထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြစ်သည့်အလျောက် နှစ်နိုင်ငံ၏ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် သက်ဆိုင်သည့် စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာရသည့်အတွက် ပွဲပြုလုပ်မည်ဆိုပါက ခက်ခဲမှု များစွာ ရှိသည်ဟု NCA အပစ်ရပ် ဆယ်ဖွဲ့ထဲတွင် တစ်ဖွဲ့ဖြစ်သည့် ABSDF အဖွဲ့က ဆိုသည်။
ဦးမျိုးဝင်းက “လုပ်မယ်ဆိုတာ သတ်မှတ်ထားတာ ကျော်နေပြီ ဒါပေမယ့် ပြည်တွင်းမှာလည်း လုပ်လို့မရ ဒီထိုင်းဖက်မှာလည်း လုပ်လို့ မရတဲ့ အခြေအနေဖြစ်နေတာကိုး။ အဓိကက ရောဂါ အခြေအနေပါပဲ။ အဲဒီ ရောဂါ အခြေအနေက ဘယ်လောက် အတိုင်းအတာအထိ ခွင့်ပြုနိုင်မလဲပေါ့ EAOs အနေအထားကျတော့ နှစ်နိုင်ငံအပေါ်မှာ နယ်ခြား အခြေခံထားတာကိုး။ နှစ်နိုင်ငံစည်းမျဉ်းစည်းကမ်းနဲ့ သွားသက်ဆိုင်နေတော့ စီစဉ်ရတာလည်း နည်းနည်း အခက်အခဲက ဖြစ်နေတာပေါ့နော်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ (ပထမ) ပိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြု လုပ်ခဲ့ကြသည်။
အဆိုပါ ညီလာခံတွင် အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှုကိစ္စများ၊ PPST မှ ကရင်အမျိုးသား အစည်းအရုံး KNU နုတ်ထွက်စာတင်ထားသည့် ကိစ္စရပ်များ အစရှိသည်များကို ဆွေးနွေးရာတွင် မပြီးပြတ်ခဲ့သည့်အတွက် ညီလာခံ (ဒုတိယ) ပိုင်းကို ဆက်လက်ပြုလုပ်ရန် မေလ ၁၈ ရက် နေ့ အစည်းအဝေးတွင် သဘောတူထားခဲ့ကြခြင်း ဖြစ်သည်။
ညီလာခံကို တစ်လအတွင်း ထပ်မံကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း များ မှာ ဆွေးနွေးပွဲများကြောင့် အားလပ်မှုမရှိခြင်း၊ ထို့အပြင် COVID-19 ကပ်ရောဂါ ဖြစ်ပွားလာခြင်းများ ကြောင့် ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်နိုင် ခြင်းမရှိပဲ ကြန့်ကြာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။







