ဝါဥစိုက်ပျိုးခြင်းဖြင့် မင်းတပ် ဒေသခံတောင်သူများ အသက်မွေးဝမ်းကျောင်း ပိုမို အဆင်ပြေလာ

ဝါဥစိုက်ပျိုးခြင်းဖြင့် မင်းတပ် ဒေသခံတောင်သူများ အသက်မွေးဝမ်းကျောင်း ပိုမို အဆင်ပြေလာ
by -
ချင်းဝေါလ်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် “၀ဥ” စိုက်ပျိုးမှု လုပ်ငန်းသည် စျေးကွက်အတွင်း ထိုးဖောက်လာနိုင်ပြီး၊ ဒေသခံများပါ အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းတခုအနေဖြင့် ပိုမိုအားထား စိုက်ပျိုးလာကြသည်ဟု သိရသည်။

မင်းတပ်မြို့နယ်ရှိ ရွာကြီးများဖြစ်ကြသော တိုက်နယ် အမှတ် (၁၊၂) ရှိ ရွာကြီးများ၊ တိုက်နယ် (၁၄) ရှိ ရွာကြီးများတါင် အဓိကထား စိုက်ပျိုးမှုများ ရှိပြီး၊ ကျန်သော ရွာကြီးများနှင့် မင်းတပ်မြို့အနီးရှိ ဥယျာဉ်ခြံများနှင့် တောင်ယာခင်းများတွင်လည်း စိုက်ပျိုးမှုများ ရှိသည်။

“၀ဥ” ကို အင်္ဂလိပ်ဘာသာဖြင့် “Elephant Foot Yam” ဟုခေါ်ဆိုပြီး၊ စျေးကွက် စတင်ဝင်ရောက်နိုင်သည့် ၂၀၀၃ ခုနှစ်တွင် ၀ဥ အခြောက် (၁) ပိသာစျေးနှုန်းမှာ (၃၀၀၀) မှ (၄၅၀၀) အတွင်းရှိခဲ့ကာ၊ လက်ရှိ ၂၀၁၆-၁၇ တွင် ၀ါဥ အခြောက် ၁ ပိသာ၏ တန်ဘိုးမှာ (၇၅၀၀) အထိ မြင့်တက်လာသည်ဟု သိရသည်။

မင်းတပ်မြို့နယ်် ၊ အမှတ်(၂)၊ မြင်းခြေတောင်ခြေတွင် နေထိုင်ကြသော အိမ်ခြေ(၅၀)ရှိ ခွီးရိန်ရွာတွင်လည်း အိမ်တိုင်းလိုလို၌  ဝါဥကို အဓိကထားပြီး စိုက်ပျိုးလာ ကြပြီး ၂၀၁၀ခုနှစ် နောက်ပိုင်းမှသာ  ဝါဥကို စိုုက်ပျိုးလာ နိုင်သည့် အတွက် (၁) နှစ်အတွင်း ရရှိသော ဝင်ငွေမှာ သိန်း (၅၀) ခန့်သာ ရှိသေးသည် ဟု ဒေသခံတောင်သူ အမျိုးသမီး ဖြစ်သူ ဒေါ်ရှိန်းစိမ်းက ပြောသည်။

“ကျမတို့ ခွီးရိန်ရွာမှာတော့ ၂၀၁၀ နောက်ပိုင်းမှာပဲ ပိုပြီး ဝါဥကို စိုက်ပျိုး လာကြတယ်၊ မြင်းခြေတောင် အောက်ကို အမှီပြုပြီး လုပ်ကြတော့ ဧကပေါင်းက နဲသေးတယ်၊အရင်က ဝါဥမစိုက်ခင်ဆို ကလေးတွေရဲ့ ဖိနပ်တွေတောင် ဝယ်ပေးရတာ အနိုင်နိုင်ပဲ၊ ဝါဥစိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကလေးတွေရဲ့ ဖိနပ် အကောင်းစားတွေ ဝယ်ပေးနိုင်ပြီ၊ အမှတ်(၁) ဘက်တွေ ဖြစ်တဲ့ ရွာကြီးဆိုရင် ကျမတို့ မတိုင်ထက် အရင် စောပြီး လုပ်ကြတယ်၊ ပြီးတော့ တစ်နှစ်ကို သိန်းပေါင်း (၅၀၀) ကျော်ထိတောင် ဝင်ငွေ ရှိတယ်၊ ကျမတို့လည်း ဒီထက်ပိုပြီးတော့ ကြိုးစားပြီး စိုက်တော့မယ်။ ဒီအလုပ်က ကိုယ့်ဒေသမှာ ကိယ့်ဆွေမျိုးတွေနဲ့လည်း နေရတဲ့အလုပ်လည်း ဖြစ်တယ်”ဟု ဝမ္မသူးကျေးရွာ၌ ဝါဥစိုက်ပျိုးသူ အိမ်ထောင်ရှင်မ တစ်ဦးမှလည်း ပြောသည်။

အရည်အသွေးပြည့်မှီသော ဝဥအခြောက်ကို ရရှိနိုင််ရန်အတွက် တစ်ကြိမ်စိုက်ပျိုးချိန်မှ စ၍ (၃)နှစ်ကြာပြီးချိ်န် မှသာ အခြောက်လှမ်းကာ ရောင်းချ နိုင်သည် ဖြစ်ကာ တစ်နှစ်ဥများကို ရရှိရန်အတွက် စိုက်ပျိုးချိန်မှ စ၍ အချိန်တစ်နှစ် စောင့်ရသည် ဟုသိရသည်။ ဝဥကို ကုန်ချော အဖြစ် အသုံးပြုရာတွင် နည်းပညာ အမျိုးမျိုးဖြင့် အစားအသောက် နည်းမျိုးစုံကို ပြုလုပ်ရောင်းချ စားသုံးနိုင်ရန် အတွက် အရှေ့တောင် အာရှနိုင်ငံများ ဖြစ်ကြသော ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံ တို့တွင် အဓိက တင်ပို့ရောင်းချ နေကြပြီး၊ စျေကွက်တစ်ခု အဖြစ် ထိုးဖောက်နေသည် ဟု သိရှိရသည်။

၀ဥစီးပွားရေးလုပ်ငနး်ရှင် တဦးဖြစ်သည့် ဒေါ်လိန်းလိုင်းက “အရင်က ဝဥပင်တွေက ကျမတို့ ချင်းတောင်မှာ လမ်းဘေးနားတွေမှာလည်း အများကြီး ပေါက်ခဲ့တယ်၊ အပင်ရဲ့ အနံ့က တော်တော်လေး ဆိုးတယ်၊ ကျမတို့ အပါအဝင် စျေးကွက် ဝင်လာမယ် ဆိုတာ သတိမထား မိခဲ့ကြဘူး၊ ၂၀၀၂ ခုနှစ်မှာပဲ ဂျပန်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင် တချို့က ကျမကို ဝဥကို ကုန်ချောပြုလုပ်ပြီးသား မုန့်သားရေစာတွေကို ထုတ်ပြတယ်၊ ပြီးတော့ ဒီဟာက ဝဥကို ပြုလုပ်ထားတာ ဖြစ်တယ် ဆိုပြီး ချင်းတောင်တွေမှာ ပေါက်နေတယ်ဆိုတာကို ပြောပြတယ်၊ လမ်းခရီးသွားတဲ့ အချိန်မှာလည်း ပေါ့ပေါ့ပါးပါး နဲ့ ရိက္ခာ အဖြစ် အလွယ်တကူ အသုံးပြုနိုင်တယ် ဆိိုပြီးလည်း ပြောတယ်။ဒါကြောင့် သူတို့က ကျမကို ကြိုတင်ငွေတွေ ထုတ်ပေးတယ်၊ ပြုလုပ်နည်း အဆင့်ဆင့်တွေ သင်ပေးတယ်၊ ကျမကလည်း ရွာမှာ ရှိတဲ့ လူတွေကို ပြုလုပ်နည်း အဆင့်ဆင့်တွေ ပြန်သင်ပေးတယ်၊ ကြိုတင်ငွေတွေ ထုတ်ပေးပြီး လုပ်လာတာ ခုဆို (၁၅)နှစ်ရှိပါပြီ၊ နောက်ပိုင်းမှာတော့ တရုတ်နဲ့ ဂျပန် လူမျိုးတွေက ပိုပြီး ဝယ်လာကြတယ်၊ ခုဆို ဝဥကို ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ နေရာတိုင်းလိုလိုမှာ အဓိကထားပြီး စိုက်ပျိုးလာ ကြတယ်။ မင်းတပ်မြို့နယ် မှာရှိတဲ့ အဓိကရွာတွေကတော့ အမှတ် (၁ နဲ့၂)က ပိုပြီးများတယ်၊ ကျန်တဲ့ရွာတွေမှာလည်း အကြီးအကျယ် စီမံကိန်းတွေနဲ့ စိုုက်ပျိုးလာကြတယ်၊ အရင်က စားဝတ်နေရေး အဆင်မပြေကြတဲ့ မိသားစုတွေတောင် ခုချိန် တော်တော်လေး အဆင်ပြေလာကြတယ်၊” ဟု သူမ၏ မျှော်လင့်ချက်ကို ပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...