ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ရခိုင်ပြည်နယ်က ဒေသများတွင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပ နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် သမ္မတ ဦးဝင်းမြင့် က မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။
ဒီဇင်ဘာလ ၁၅ ရက် (ယနေ့) တွင် ကျရောက်သည့် ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သမ္မတ၏ သဝဏ်လွှာထဲတွင် အဆိုပါ အချက်ကို ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။
သမ္မတ ဦးဝင်းမြင့်က “ယင်းနယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေး ကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်သည့် အခြေအနေရောက်ရှိအောင် သက်ဆိုင်သည့် ပုဂ္ဂိုလ်များ အဖွဲ့အ စည်းများ အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာ ရပ်ခံအပ်ပါသည်” ဟု သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရခိုင် ပြည်နယ်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စသည့် မြို့နယ် ၉ မြို့နယ်တွင် မြို့နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့ခြင်း မရှိသကဲ့သို့ အခြားမြို့နယ်မှ နေရာဒေသအချို့တွင်လည်း ရွေး ကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။
အဆိုပါ နေရာများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိသည့်အပေါ် သမ္မတ ဦးဝင်းမြင့်က “လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံရေး အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေဒေသများ ယင်းနယ်မြေဒေသများရှိ ပြည်သူ များအလုံး အတွက် လည်း အထူးပင် စိတ်မကောင်းဖြစ်ရပါသည်” ဟု ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့ သည့် သမ္မတ၏ သဝဏ်လွှာထဲတွင် ပါရှိသည်။
ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါ သဝဏ်လွှာထဲတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ် အ တွင်းရှိ နယ်မြေအချို့တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ရွေးကောက်ပွဲ ကျင်းပစေလိုသည့် ULA/AA အဖွဲ့ရဲ့ ကြေညာချက်အပေါ် မိမိတို့ တပ်မတော်အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့် ဆောင် ရွက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်ဟု သဝဏ်လွှာထဲတွင် ထည့်သွင်းပြောဆိုထားသည်။
၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ် လွှာထဲတွင် ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက် အဖွဲ့အစည်းဟု သုံးနှုန်းထားခြင်း မရှိပဲ ULA/AA ဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရခိုင်ပြည်နယ် တစ်ခုလုံး မဲပေးခွင့်ရှိသူ စုစုပေါင်း ၁၆၄၉၇၅၃ ဦး ရှိသည့်အနက် ၄၄၈၈၅၂ ဦးသာ မဲပေးခွင့်ရရှိခဲ့ပြီး ၁၂၀၀၉၀၁ ဦးမှာ မဲပေးခွင့်ဆုံးရှုံးခဲ့သည် ဟု သိရသည်။







