ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့မည်ဟု ပြောဆိုမှု ရှိနေသော်လည်း တိုင်းရင်းသားပါတီများကို ယနေ့အချိန်အထိ တရားဝင် ပြောဆို ကမ်းလှမ်းလာခြင်း မရှိသေး ဟု တိုင်းရင်းသားပါတီ အချို့ က ပြောသည်။
မွန်ညီညွှတ်ရေးပါတီ MUP အထွေထွေ အတွင်းရေးမှူး (၁) နိုင်လယိတမက “အမျိုးသား ညီညွှတ်ရေးကိစ္စ ဆိုတာက ကျနော်တို့ NLD အနေနဲ့ ကျနော်တို့ ပါတီကို တရားဝင် ပြောလာတာ မရှိသေးပါဘူး။ ကျနော် တို့ဆီ ဘာမှ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးတဲ့အတွက် အဲဒီကိစ္စကို ကျနော်တို့ အခုအချိန်ထိ တော့ ဘာမှ မစဉ်းစားဖြစ်သေးဘူး” ဟု ပြောသည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းကလည်း NLD ပါတီဖက်မှ ဆက် သွယ် ကမ်းလှမ်းမှု မရှိသေးသော်လည်း အမျိုးသား ညီညွှတ်ရေး ဖွဲ့စည်းမည်ဟု ပြောဆိုထားသည့် အတိုင်း လက်တွေ့လုပ်ဆောင်ရန် လိုလားသည် ဟု ပြောသည်။
“ဘာမှမရှိဘူးနော်။ စကားအားဖြင့် ပြောတယ်လို့ပဲ ကျနော်က ဒီလိုပဲ မြင်တယ်။ ဘာမှမရှိပါဘူး။ သူတို့နဲ့ သူ တို့ စီစဉ်တယ်။ ဘာမှလည်းဖြစ်လာမှာ မဟုတ်ဘူး။ တကယ်လို့များဖြစ်ရင်လည်း သူတို့ အလိုကျပဲ ဖြစ်လာ မှာပါ။ ဒီညီညွှတ်ရေး အစိုးရဆိုတာက တကယ်ပဲ ညီညီညွှတ်ညွှတ်နဲ့ အနာဂတ်ကို တကယ်လက်တွဲ ဆောင် ရွက်ဖို့ပဲ ကျနော်တို့ လိုလားတာပါ။”
NLD ပါတီက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီကို တရားဝင် ကမ်းလှမ်းလာခြင်း မရှိ သော်လည်း NLD ပါတီနှင့် KySDP ပါတီတို့ အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ အလွတ်သဘော ချိတ်ဆက်ကာ ညှိနှိုင်းမှု ပုံစံမျိုး ရှိသည် ဟု ပါတီ အတွင်းရေးမှူး ဦးသဲရယ် က ပြောသည်။
“ကျနော်တို့ဖက်ကနေပြီးတော့မှ ဦးခင်မောင်ရီပေါ့ ဦးခင်မောင်ရီကနေပြီးတော့မှ တာဝန်ယူပြီး NLD ဖက် တစ်ချို့သော လူတွေကိုနည်းနည်း ချိတ်ဆက်တဲ့ အပိုင်းတွေရှိတယ်။ သို့ပေမယ့် တရားဝင်ရယ် လို့လည်း မဟုတ်ဘူးပေါ့နော်။ အဲလိုပဲ အလွတ်သဘောနဲ့ သူတို့ ချိတ်ဆက်ဆောင်ရွက်တဲ့ အပိုင်းတွေရှိတယ်။ နောက် ပြီးတော့မှ အစိုးရပြောရမှာပေါ့ လက်ရှိ NLD ကလည်း အမျိုးသား ညီညွှတ်ရေး အစိုးရ ဖြစ်လာဖို့ အတွက် ကလည်း ဒါသူတို့ ပြင်ဆင်နေတဲ့ ဆိုတဲ့ဟာမျိုးလောက်ပဲ ကျနော်တို့ကြားမှာ အဲလိုဆွေးနွေးညှိနှိုင်းတယ်။ နောက်ပြီးတော့ သတင်းအချက်အလက်တွေ မျှဝေတာတွေ အဲလောက်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ဟာတွေ ကတော့ ကြီးကြီးမားမား ထူးထူးထွေထွေ မရှိသေးပါဘူး။”
ရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးနောက် လေးရက်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့က NLD ပါတီက တိုင်းရင်း သား နိုင်ငံရေး ပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု NLD က ဆိုသည်။
ထို့အပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီသည် ဖြစ် ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင် ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ပြည် ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်ဟု ပါတီများကို ပေးပို့ ထားသည့် NLD ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
အဆိုပါစာထဲတွင် ပါသည့် အကြောင်းအရာအရ ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ခေါ်ထားသည့် စာမဟုတ် သကဲ့သို့ စဉ်းစားရန် ကမ်းလှမ်းချက် တစ်ခုလည်း မဟုတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသား ပါတီများအား နှိုးဆော်ထားသည့် စာဖြစ်သည့်အတွက် အကြောင်းမပြန်တော့ပဲ အသိအမှတ်ပြုကြောင်း မှတ်တမ်းတင်ထားသည်ဟု မွန်ပြည်သစ်ပါတီ MUP ထွေထွေအတွင်းအရေးမှူးက ဆိုသည်။
နိုင်လယိတမက “အကယ်၍ ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင် ကျနော်တို့က ကမ်းလှမ်းလာတဲ့ အချက်တွေ အပေါ်မှာ ကျနော် တို့က စဉ်းစားဆုံးဖြတ်မယ်။ အဲဒီကမ်းလှမ်းလာတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က တွေ့ဆုံသင့် မတွေ့ဆုံသင့်ဆိုတာ အဲဒီအချိန်မှပဲ ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြော သည်။
ထို့အတူ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်မည် ဆို ပါက NLD ပါတီ အနေဖြင့် ၁၉၄၇ ပင်လုံ စာချုပ်ပါ ကတိကဝတ်များအတိုင်း လက်တွေ့ကျကျ အကောင် အထည် ဖော်ရန်လိုကြောင်း KSPP ပါတီ ဒု- ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းက တိုက်တွန်းသည်။
“လက်တွဲဆောင်ရွက်ဖို့မလိုဘူး အတူတကွ လုပ်ဖို့ မလိုဘူး ဆိုပြီးမှ အခုတော့ လုပ်မယ် ဟိုဟာလုပ်မယ်ဆို တဲ့ဟာမျိုးကျတော့ ကျနော်တို့ ယုံကြည်ဖို့ ခက်ပါတယ်။ ယုံကြည်ဖို့လည်း ကျနော်တို့က ဘယ်လိုမှ လက်ခံ နိုင်စရာလည်း အကြောင်းမရှိပါဘူး။ အဓိက ဒါကြောင့်မို့လည်း လက်တွေ့ဆောင်ရွက်ပြီးမှ အနာဂတ် ညီ ညွှတ်ရေး အစိုးရနဲ့ အနာဂတ်ကို အဓိက တိုင်တိုင် ပင်ပင်နဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကတော့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ လိုတယ် ဆိုတဲ့ဟာကို ကျနော်ပြောလိုပါတယ်။”
NLD ပါတီက ဖွဲ့စည်းမည့် အမျိုးသား ညီညွှတ်ရေး အစိုးရအား တိုင်းရင်းသား ပါတီများ ပါဝင်နိုင်ရေးနှင့် ပတ် သက်၍ ယေဘုယျအားဖြင့် လမ်းကြောင်း ၂ ခု စဉ်းစားထားသည်ဟု KySDP က ၎င်းတို့၏ စဉ်းစားထား ချက်များနှင့် ပတ်သက်၍ ယခုကဲ့သို ပြောသည်။
ဦးသဲရယ်က “ကျနော်တို့ရဲ့ စဉ်းစာချက်ကတော့ ပြည်ထောင်စု အစိုးရထဲမှာကလည်း ကျနော်တို့ တိုင်းရင်း သားတွေကို ကိုယ်စားပြုနိုင်တဲ့ ဝန်ကြီးဌာနလိုဟာမျိုးကိုလည်း ဒါ ကျနော်တို့ကို စဉ်းစားပေးမလား။ သို့မ ဟုတ် ကျနော်တို့ တိုင်းရင်းသား ပြည်နယ် ကိုယ်စားပြုတဲ့ပါတီ ငါးပါတီအပြင်ပေါ့နော်။ ရခိုင် အပါအဝင် ဆို ခြောက်ပါတီပေါ့။ အဲဒီပါတီတွေရဲ့ပါဝင်မှုကိုလည်း ဒါ NLD အနေနဲ့ လက်ခံစဉ်းစားပေးမလား ဆိုတဲ့ဟာမျိုး တွေပေါ့နော် ကျနော်တို့ကတော့ လမ်းကြောင်း နှစ်ခုပဲ ကျနော်တို့ စဉ်းစားထားသေးတာပေါ့နော်။ ဒါပေ မယ့် သူတို့ကို အဲလိုမျိုး တရားဝင်ဆွေးနွေးတာတော့ မရှိသေးပါဘူး။ ကျနော်တို့ဖက်က စဉ်းစားထားတဲ့ အပိုင်းတွေပါ” ဟု ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်သည့်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် လွှတ် တော်နေရာများကို အနိုင်ရရှိထားသည်။
NLD ပါတီ၏ အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းမည်ဟု ပြောဆိုမှုများအပေါ် တိုင်းရင်းသားပါတီများ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ခံကြိုဆိုခဲ့ကြသော်လည်း လက်တွေ့ အကောင် အထည် ဖော်ဆောင်မည့် အပိုင်းကို ဆက်လက်စောင့်ကြည့်သွားရမည်ဟု တိုင်းရင်းသား ပါတီများ နှင့် လက်နက်ကိုင် အဖွဲ့အစည်းများက ဆိုသည်။







