အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဖော်ဆောင်မည့် အမျိုးသား ညီညွတ်ရေး အစိုးရတွင် တိုင်းရင်းသား အရေး အမှန်တကယ် လုပ်ဆောင်မည့် ကိုယ်စားလှယ်များပါဝင်ရန် လိုကြောင်း တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်နေသူများ က ပြော သည်။
ကရင့်ရေးရာ ကော်မတီ အတွင်းရေးမှူး စောကျော်စွာက “တကယ် ညီညွှတ်ရေးဆို ဘာအတွက် ညီညွှတ် ရေးအပေါ်မှာ မူတည်တာပေါ့နော။ တကယ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့ ညီညွှတ်ရေးဆိုတော့ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ပါဝင်သင့်ပါဝင် တိုက်တဲ့ သူတွေယူဖို့ အရေးကြီးတာပေါ့။ကျနော်တို့ကတော့ မြင်စေချင်တာ ကတော့ သူတို့ရဲ့ စိတ်ထဲမှာ ဒီတိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုရင်တော့ ပါတီထက် တကယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ဖို့တော့ အရေးကြီးတာပေါ့” ဟု ပြောသည်။
ကိုယ်စားလှယ်များကို NLD အနေဖြင့် စိတ် ကြိုက် ရွေးယူသည့် ပုံစံမျိုး မဖြစ်အောင် သတိပြုရန် လိုအပ်သည်ဟု ကရင့်ရေးရာ ကော်မတီ အတွင်းရေး မှူး က ဆက်ပြောသည်။
စောကျော်စွာက “တကယ်တိုင်းရင်းသားတွေရဲ့ ယုံကြည်အားကိုးတဲ့ ခေါင်းဆောင်တွေပါသွားလို့ရှိရင်တော့ တိုင်းရင်းသား အချင်းချင်း ပြန်လည်သင့်မြတ်ရေး အားကောင်းလာမှာပေါ့။ တကယ်တိုင်းရင်းသားတွေရဲ့ ယုံကြည်အား ကိုးတဲ့ သူမဟုတ်ပဲနဲ့ သူတို့စိတ်တိုင်းကျတဲ့ ခေါင်းခေါက်ယူတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒါမှမဟုတ် ခုနက ပါတီအချင်းချင်း ညီညွှတ်ချင်လို့ ပါတီကလည်း ခေါင်းခေါက်ယူတဲ့ဟာမျိုးဆိုရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူးပဲ” ဟု ပြောသည်။
အလွတ်တန်း သုတေသီ ဒေါက်တာ ခလမ်တူးခေါင်က လည်း “ပါတီတောင် မထောင်ထားတဲ့ တိုင်းရင်းသားတွေလည်းရှိတယ်။ ပါတီတောင် မထောင်ထားတဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှုက အဲဒီမှာ မရှိတော့ဘူး။ ပါဝင်သင့် ပါဝင်ထိုက်သူများ ဆိုပြီးတော့ ခေါ်တာတော့ရှိတာ ပေါ့ နော။ ဒါပေမယ့် သူတို့လည်း ခေါင်းခေါက်ရွေးတာပဲ ဆိုတော့ သူတို့နဲ့ သံဟဇာတဖြစ်မယ့်လူမျိုး ပြောမယ် ဆိုရင် တော့ မဟုတ်မခံ ပြောမယ့်သူမျိုးတွေကို သိပ်မခေါ်ဘူးလေ အဲလိုမျိုးပေါ့ အဲလိုမျိုးလေးတွေ တော့ ရှိတယ်” ဟု ပြောသည်။
NLD ပါတီက ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည့် လေးရက်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် တိုင်းရင်း သား နိုင်ငံရေး ပါတီ ၄၈ ပါတီ ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ထိုစာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည် မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြောင်း၊ ထို့ကြောင့် အဖွဲ့ချုပ်အနေဖြင့် နောင် အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရေးသားထားသည်။
အဆိုပါစာနှင့်ပတ်သက်၍ မွန်ညီညွှတ်ရေးပါတီ MUP အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယီတမက “အဲဒီ စာ ကို ကျနော်တို့ သုံးသပ်ကြည့်တော့ သူက ဆွေးနွေးပွဲ တစ်ခုခုအတွက် ဖိတ်ခေါ်တဲ့ စာလည်းမဟုတ်ဘူး။ နောက် စဉ်းစားဖို့ ကမ်းလှမ်းချက်တစ်ခုခုလည်း မဟုတ်ဘူး။ အဲဒါ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသား ပါ တီကို နှိုးဆော်ထားတဲ့ စာဖြစ်တဲ့အတွက် ဒီစာပေါ်မှာ ကျနော်တို့က အကြောင်းပြန်ဖို့ မလိုအပ်ဘူး။ သို့ သော်လည်းပဲ ဒီစာကိုတော့ ကျနော်တို့ ကြိုဆိုမှတ်တမ်းတင်ပြီးတော့ အသိအမှတ်ပြုတယ်။ အဲ့သလောက်ပဲ ကျနော် တို့ အသိအမှတ်ပြုထားပါတယ်” ဟု ပြောသည်။
NLD ၏ ယခုထုတ်ပြန် ပေးပို့သည့် စာအရ ထူးခြားသည့် ဖြစ်စဉ်တစ်ခုအဖြစ်ခံစားရသော်လည်း လက်တွေ့ အပိုင်းတွင် လုပ်ဆောင်မှု တစ်စုံတစ်ရာ မတွေ့ရှိရသေးသည့်အတွက် စာပါအချက်အလက်များကို အကောင် အထည် ဖော်မည် မဖော်မည်ကို ယတိပြတ်ပြော၍ မရသေးကြောင်း နိုင်လယီတမ က ဆိုသည်။
NLD အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရစဉ်က ပါတီတစ်ခုတည်းကို အခြေပြုကာ အစိုးရဖွဲ့ ခဲ့ သော်လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့မည်ဟု ပြောဆိုမှုများရှိနေပြီး လက်တွေ့ အပြောင်းအလဲ လုပ်မည် မလုပ်မည်ကို စောင့်ကြည့်ရမည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။
“တကယ်ပဲ အပြောင်းအလဲ လုပ်မလား မလုပ်ဘူးလားဆိုတာက လက်တွေ့ ခြေလှမ်းတွေနဲ့ပဲ ဆုံးဖြတ်လို့ရ တယ်ဗျာ။ ဥပမာ ၂၀၁၅ မှာ NLD အနေနဲ့ သူတစ်ပါတီတည်း ရပြီးတော့ အစိုးရဖွဲ့သွားပြီးတော့ ဘယ်တိုင်း ရင်းသား ပါတီနဲ့မှ တွေ့ဆုံဆွေးနွေးတာ မရှိခဲ့ပါဘူး။ တိုင်းရင်းသား ပါတီတွေကို ဥပမာ လွှတ်တော်ထဲမှာ အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးဖက် မိတ်ဖက်သဘော အဖြစ် သဘောထားတာ မတွေ့ခဲ့ရပါ ဘူး။ အခု ၂၀၂၀-၂၀၂၅ မှာတော့ အသံထွက်လာပေမယ့် လက်တွေ့ ခြေလှမ်းမတွေ့ရသေးတဲ့အတွက် ကြောင့်မို့လို့ပဲ ဘယ်လိုဖြစ်မလဲဆိုတာ ကြိုတင်ခန့်မှန်းပြောဆိုဖို့ခက်ပါတယ်။ လက်တွေ့ခြေလှမ်းတွေ အပေါ် မှာပဲ ကျနော်တို့ အကဲဖြတ်ရမယ်လို့ထင်ပါတယ်။”
NLD ပါတီ၏ အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းမည်ဟု ပြောဆိုမှုများအပေါ် တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ခံကြိုဆိုခဲ့ကြသော်လည်း လက်တွေ့ အကောင် အထည် ဖော်ဆောင်မည့် အပိုင်းကို ဆက်လက်စောင့်ကြည့်သွားရမည် ဟု ဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က အစိုးရဖွဲ့နိုင်သည့်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် လွှတ်တော် နေရာများ ကို အနိုင်ရရှိထားသည်။







