မြန်မာနိုင်ငံအား ဘာသာရေးလွတ်လပ်မှုချိုးဖောက်မှုစာရင်းထဲ အမေရိကန်ပြည်ထောင်စုမှ ဆက်လက်ထည့်သွင်း

မြန်မာနိုင်ငံအား ဘာသာရေးလွတ်လပ်မှုချိုးဖောက်မှုစာရင်းထဲ အမေရိကန်ပြည်ထောင်စုမှ ဆက်လက်ထည့်သွင်း

ဒီဇင်ဘာလ (၇) ရက်နေ့တွင် ၂၀၂၀ ခုနှစ်၏ ဘာသာရေးလွတ်လပ်မှု ချိုးဖောက်မှုရှိသော နိုင်ငံများစာရင်း၌ နိုင်ဂျီးရီးယားနိုင်ငံအား ထပ်မံထည့်သွင်းကြောင်း အမေရိကန်ပြည်ထောင်စုအစိုးရမှ ကြေညာပြီး၊ ယင်းစာရင်းတွင် မြန်မာနိုင်ငံအားလည်း ဆက်လက်ထည့်သွင်းထားမှုအား တွေ့ရသည်။

 

ဘာသာရေးလွတ်လပ်မှု ချိုးဖောက်မှုစာရင်းအား ၁၉၉၈ မှစတင်ကာ အမေရိကန်ပြည်ထောင်စုအစိုးရမှ နှစ်စဉ်ကြေငြာလေ့ရှိသည်။ ယင်းစာရင်းတွင် အထူးစိုးရိမ်နေရသောနိုင်ငံများ (Countries of Particular Concern) နှင့် အထူးစောင့်ကြည့်သော နိုင်ငံများ (Special Watch List) ဟူ၍ နှစ်မျိုးနှစ်စားခွဲခြားထားပြီး၊ မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ လွတ်လပ်မှု စိုးရိမ်မကင်းဖြစ်ရသောနိုင်ငံများ (Countries of Particular Concern, CPC) တွင် ပါရှိခြင်းဖြစ်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)မှ ဒုအမှုဆောင်ဒါရိုက်တာဖြစ်သော Salai Za Uk Ling မှ “US State Department ကနေ မြန်မာနိုင်ငံကို CPC စာရင်းထဲမှာ ဆက်လက်ထည့်သွင်းတာဟာ မှန်ကန်တယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်မရှိပါဘူး။ဒီမိုကရေစီခေတ်အဖြစ် USDP နဲ့ NLD ၁၀ နှစ်ဖြတ်သန်းပြီဖြစ်ပေမယ့် မူဝါဒနဲ့ လက်တွေ့လုပ်ငန်းမှာ စစ်အစိုးရခေတ်နဲ့ ထူးမခြားနားပါပဲ။ မြန်မာနိုင်ငံမှာ “အမျိုး၊ဘာသာ၊ သာသနာ” ဆိုတဲ့အတွေးအခေါ်နဲ့ လျှောက်လှမ်းနေသရွေ့တော့ ဘာသာရေးလွတ်လပ်ခွင့်ရှိဖို့တော့ မလွယ်သေးပါဘူး။ ဒီဘက်ခေတ်မှာတော့ ချင်းပြည်နယ်မှာ ဓမ္မအမှုတော်ဆောင်တွေကို ပေါ်တင် ဖမ်းဆီးနှိပ်စက်တာမျိုးတော့ မရှိတော့ပေမယ့် ခရစ်ယာန်လူနည်းစုလို့ပြောနိုင်တဲ့ မကွေး၊ ရခိုင်၊ စစ်ကိုင်းအစရှိတဲ့ နေရာတွေမှာတော့ ဘာသာရေးလွတ်လပ်မှုချိုးဖောက်မှုတွေ ရှိနေတုန်းပါပဲ” ဟု ပြောသည်။

 

ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုအတွက် အထူးစိုးရိမ်ရသော နိုင်ငံများစာရင်းတွင် မြန်မာ၊ တရုတ်၊ မြောက်ကိုးရီးယား၊ အီရစ်သရီးယား၊ အီရန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ တာဂျစ်ကစ္စတန်နှင့် တာဒ်မန်နစ္စတန်နိုင်ငံများပါဝင်သည်။ အထူးစောင့်ကြည့်သောနိုင်ငံများစာရင်းတွင်မူ အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဗဟိုအာဖရိက၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရတ်၊ ကာဇစ္စတန်၊ မလေးရှား၊ ဆူဒမ်၊ တူရကီ၊ ဥဇဘက်ကစ္စတန် အစရှိသောနိုင်ငံများ ပါဝင်သည်။

မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ရှင်းလင်းချက်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ International Criminal Court (ICJ) တွင် စစ်ဆေးခံနေရခြင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်း ၃၀၀ ကျော် ဖျက်ဆီးခံရခြင်းနှင့် UWSA ၏ ဝဒေသတွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များအား ဖမ်းဆီးခြင်းနှင့် ဘုရားကျောင်းများ ဖျက်ဆီးခံရခြင်း၊ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အမုန်းစကားဖြန့်ဖြူးခြင်းများကြောင့် ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

Chin Association of Maryland မှ အမှုဆောင်ဒါရိုက်တာ Pu Zo Tum Hmung မှလည်း “မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်မှု မရှိတဲ့အတွက် ဒီ CPC စာရင်းမှာ ထပ်ပါဖို့လိုပါတယ်။ တခြားလူနည်းစုဘာသာရေးတွေဖိနှိပ်ခံရတယ်။ ခရစ်ယာန်တွေလည်း အပါအဝင်ပေါ့။ ဒါကြောင့်လည်းပဲ minority တွေအနေနဲ့ ဒုက္ခသည်ဆိုတဲ့အခါမှာ နိုင်ငံရေးဘောင်တခုတည်းမှာတင်မဟုတ်ပဲ၊ ဘာသာရေးဒုက္ခသည်တွေလည်း ဒီစာရင်းမှာ ပါဝင်ပါတယ်။ ကျနော်တို့အဖွဲ့က မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာလည်း အမေရိကန်ပြည်ထောင်စုအစိုးရကို ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားပါတယ်” ဟုပြောသည်။

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာဘာသာရေးလွတ်လပ်မှု ကော်မရှင် (USCIRF) စာရင်းအရ မြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာ ၈၇.၉ ရာနှုန်း၊ ခရစ်ယာန် ၆.၂ ရာနှုန်း၊ မူဆလင် ၄.၃ ရာနှုန်း၊ နတ်ကိုးကွယ်သူ ၀.၈ ရာနှုန်းနှင့် ဟိန္ဒူဘာသာကိုးကွယ်သူ ၀.၅ ရာနှုန်းတို့ရှိသည်ဟု ဖော်ပြထားသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...