မဲမသမာမှုများကြောင့်သာ ပြိုင်ဘက်ကိုရှုံးနိမ့်ခဲ့ခြင်းဖြစ်ဟု ဒေါက်တာမှုထန်ပြော

မဲမသမာမှုများကြောင့်သာ ပြိုင်ဘက်ကိုရှုံးနိမ့်ခဲ့ခြင်းဖြစ်ဟု ဒေါက်တာမှုထန်ပြော

ရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့်သာ ပြိုင်ဘက်ကိုရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါက်တာမှုထန်က ပြောသည်။

ဒေါက်တာမှုထန်သည် ချင်းပြည်နယ် ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး NLD မှ ဒေါ်နီရွှေလျန်အား ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရှင်းရှင်းပြောရရင်တော့ ကျွန်တော်ရှုံးမယ်လို့မထင်ဘူး၊ဒါပေမယ့်ရှုံးတာပဲ။နောက်ပိုင်းသတင်းထွက်တဲ့ဟာတွေ အများကြီးရှိတာပေါ့၊ ရွာလေးရွာတောင် ကျွန်တော့်ဆီလာတယ်။ ဘာပြောလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းက သူတို့ကို သိန်း ၅၀ လာထုတ်ပါဆိုပြီးပြောတယ်။ သူတို့က မထုတ်နိုင်ဘူး။ သူတို့မပျော်တဲ့အကြောင်းပေါ့။ မဲထည့်တဲ့နေရာမှာလည်းပဲ ဘယ်နေရာတွေမှာ အေးဆေးနိုင်ပြီး ဘယ်လောက်၊ ဘယ်လောက်မှန်းတာတွေရှိပါတယ်။ ဒါပေမဲ့ မှန်းတဲ့အတိုင်း လုံးဝဖြစ်မလာပါဘူး။ အများကြီးအပြောင်းအလဲရှိပါတယ်။ ဒါက ငွေကစားလို့ဖြစ်မှာပေါ့။ ဒါကတော့ ရှာရင်တော့ အများကြီးရှိပါတယ်။ မသမာမှုရှိတာကတော့အမှန်ပဲ" ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒနယ် ၃၉ နေရာရှိရာ ပြည်ခိုင်ဖြိုးပါတီက ၃၆ နေရာဝင်ရောက်ယှဉ်ပြိုင်သော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

အဆိုပါရလဒ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးအနေဖြင့် မဲမသမာမှုများရှိသည်ဟုဆိုကာ ကော်မရှင်သို့ တိုင်ကြားထားသည်ဟု ဆိုသည်။

“တိုင်ကြားတယ်ဆိုတာက ကျွန်တော်တို့ ကော်မရှင်ရှိတာပေါ့နော်။ ဘာလို့လဲဆိုတော့ လုပ်ဇာတ်တွေမမှန်တာတွေ အများကြီးရှိတာကိုး။ အဲလိုရှိတဲ့အတွက် တိုင်ကြားမှုတွေရှိပါတယ်။ ကော်မရှင်အပိုင်းပေါ့နော်။ မဲရုံအပိုင်းကိစ္စတွေ၊ မဲထည့်တာတွေ မမှန်တာပေါ့နော်၊ အသက်မပြည့်တဲ့ဥစ္စာတွေ၊ တခြားနေရာကနေ ကိုယ်စားထည့်တဲ့ဟာတွေ၊ မဲစာရင်းထဲမှာ မပါပဲထည့်တဲ့ဟာတွေ စသည်ဖြင့်ပေါ့၊ မသမာမှုလေးတွေ ကျွန်တော်တို့သိသလောက် လေးကိုတိုင်တာပေါ့” ဟု ဒေါက်တာမှုထန်က ပြောသည်။

ချင်းပြည်နယ်တွင် NLD ပါတီက ၃၆ နေရာအထိ အနိုင်ရရှိခဲ့ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီက နှစ်နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီက တစ်နေရာသာ အနိုင်ရရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...