တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီပထမအပတ်တွင် ကျင်းပရန်လျာထား

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီပထမအပတ်တွင် ကျင်းပရန်လျာထား
by -
စောထွန်းလင်း (KIC)

၂၀၂၀ ပြည့်နှစ် ထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များတက်ရောက်ရမည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ပထမအပတ်တွင် ကျင်းပသွားရန်လျာထားကြောင်း လက်ရှိ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကပြောသည်။

“လွှတ်တော်အသီးသီးရဲ့ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်းကျင်းပရန် လျာထားပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက၊ ဦးတီခွန်မြတ်က ပြောသည်။

အဆိုပါ တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်ရေးအတွက် ကျင်းပရေး ကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀) ကို နေပြည်တော် လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၇ ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ကျမ်းမာရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သလို ကိုဗစ်ကပ်ရောဂါပြန့်ပွားမှုဆိုင်ရာ ကာကွယ်ရေးအတွက် ကောင်းမွန်သည့်အစီအမံများ ပြုလုပ်ထားရန် ဆွေးနွေးခဲ့သည်ဟု အမျိုးသားလွှတ်တော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်အပါအဝင် အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌနှင့် ပြည်ထဲရေး၊ ပြန်ကြားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးနှင့်အားကစား၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များအရ လာမည့်တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်တွင် ၂၅၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၃၈ ဦးဖြင့် အများဆုံးဖြစ်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်တွင် ၂၆ ဦးနှင့် အမျိုးသားလွှတ်တော်တွင် ခုနစ်ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်။

တိုင်းရင်းသားပါတီများအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၃၁ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၆ ဦးရှိမည်ဖြစ်ကာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကျင်းပပြီးနောက် ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပရမည်ဖြစ်ပြီး လာမည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် ဒု-သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ စသည့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအတွင် အရေးပါသည့်နေရာများကို ရွေးချယ်သွားမည်ဖြစ်သည်။

လက်ရှိ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ သက်တမ်းမှာ လာမည့်် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...