ရွေးကောက်ပွဲ တရားမျှတမှုအပေါ် ပြောရန် စောသေးကြောင်း တပ်မတော် ပြော

ရွေးကောက်ပွဲ တရားမျှတမှုအပေါ် ပြောရန် စောသေးကြောင်း တပ်မတော် ပြော

ရွေးကောက်ပွဲ တရားမျှတမှု ရှိ/မရှိ ဆိုသည်ကို ဥပဒေနှင့် ဆောင်ရွက်သည့် အပိုင်း ပြီးဆုံးသွားမှသာလျှင် ပြော၍ရနိုင်မည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ က ပြောသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက “တရားမျှတမှု ရှိခြင်း မရှိခြင်း ဆိုတာက ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ ဆောင်ရွက်မယ့်အပိုင်းတွေ အားလုံး ပြီးတော့ ကျမှ ဒါတွေ သည် တရားမျှတမှု ရှိခြင်း မရှိခြင်း ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောတာက ပိုပြီးသင့်တော် မယ်လို့ ထင် ပါတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်(ယနေ့) တွင် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ယခုလအတွင်း ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပေါ် တရားမျှတမှု နှင့် ပတ်သက်၍ သတင်းမီဒီယာ များ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်း က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ကျတော့ ကျနော်တို့သည် တရားမျှတမှု ရှိ ခြင်း မရှိခြင်းနှင့် ပတ်သက်ပြီးတော့ ဒါပြောရမယ့် အပိုင်းသည် နိုင်ငံရေးပါတီ အပိုင်းတွေဖြစ်တယ်။ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြောသလို ရွေးကောက်ပွဲ တရားမျှတမှု ရှိခြင်း မရှိခြင်းဆိုတာ သည် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ရွေးကောက်ပွဲနေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တွေ ရွေးကောက်ပွဲ အပြီးမှာလည်း သူတို့ ပါတီတွေ အနေနဲ့ သူတို့ ပါတီအပိုင်း သူတို့ဆောင်ရွက်တာ ပေါ့ နော်။ တိုင်တဲ့ ပါတီတိုင်တယ် မတိုင်တဲ့ပါတီ မတိုင်ဘူး။ ထောက်ခံတဲ့ပါတီ ထောက်ခံမယ် မထောက်ခံတဲ့ ပါတီ မထောက်ခံဘူး။ ဒါတပ်မတော်နဲ့ မဆိုင်ဘူး သူတို့လုပ်ငန်းတွေပဲ” ဟု ပြောသည်။

တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားကို ရွေးကောက်ပွဲ မကျင်း ပမီ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ရွေးကောက်ပွဲ အကြိုကာလနှင့်ပတ်သက်သည့် အခြေ အနေများကို ထုတ်ပြန်ထားခဲ့ပြီ ဟု ဆိုသည်။

ထို့အပြင် တပ်မတော်သားများက တပ်မဲရုံပြင်ပတွင် မဲပေးရသည့် မြို့နယ် ၂၀၀ ကျော်ရှိပြီး ထိုမဲရုံများ၏ အခြေအနေများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည် ဟု တပ်မတာ်က ပြောသည်။

ထိုစုံစမ်းစစ်ဆေးချက်များကို ပြောသင့်သည့် အချိန်၊ ပြောသင့်သည့် အကြောင်းအရာ၊ ပြောသင့်သည့် အချက်များ ရှိလာမှသာ အသိပေးပြောကြားသွားမည် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားသည့် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ က လွှတ်တော်နေရာ တော်တော်များများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်သည့် အနေအထားရှိသည်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ၎င်း၏မိတ်ဖက်ပါတီများက ထိုရလဒ်ကို တရားမျှတမှု မရှိ ဟု ဆိုကာ ရွေးကောက်ပွဲကို တပ်မတော်နှင့် ပေါင်းပြီး ပြန်လည်ကျင်းပပေးရန် UEC ကို တောင်းဆို ထားသည်။

ထို့အပြင် USDP နှင့် မိတ်ဖက်ပါတီများက ရွေးကောက်ပွဲအတွက် တရားမျှတရှိအောင် ရရှိရန် UEC ကို တိုင် ကြားမှု များရှိသကဲ့သို့ နိုင်ငံတော် သမ္မတထံသို့လည်း စာပေးပို့တောင်း ဆိုထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီကို ထောက်ခံသူများကလည်း UEC က ထုတ်ပြန် လိုက်သည့် ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်သောကြောင့် တရားမျှတမှု မရှိဟုဆိုကာ ဆန္ဒထုတ်ဖော်ပွဲ များ ပြုလုပ်လာကြသည်ကို တွေ့ရသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...