တပ်မတော်စစ်ကြောင်းတစ်ခုက ကျောက်ဖြူမြို့နယ်မှ ရွာသား ၇ ဦးကို ဖမ်းခေါ်သွားဟု ဒေသခံများဆို

တပ်မတော်စစ်ကြောင်းတစ်ခုက ကျောက်ဖြူမြို့နယ်မှ ရွာသား ၇ ဦးကို ဖမ်းခေါ်သွားဟု ဒေသခံများဆို

ဆောင်းဇာခြည် — ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ ဒေသခံ ၇ ဦး တပ်မတော်စစ်ကြောင်းတစ်ခုက ယနေ့ နံနက် အစောကြီး ညဉ့်အချိန်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် စည်မော်ကျေးရွာမှ ဒေသခံ ၇ ဦးမှာ ဦးလှမောင် (၅ဝ) နှစ်၊ ဦးမောင်ခင်သန်း (၅ဝ) နှစ်၊ ကိုဝေတာအောင်(၂၅) နှစ်၊ ကိုညီညီဆန်း (၂၇) နှစ်၊ ကိုချလုံး (၁၉) နှစ်၊ ကိုမောင်ထွန်းကြည် (၂၂) နှစ်နှင့် ကိုမောင်မြင့်အောင် (၁၉) နှစ်တို့ ဖြစ်ကြသည်။

အင်အား ၁ဝဝ ကျော်ခန့်ပါရှိသည့် တပ်မတော်စစ်ကြောင်းတစ်ခုသည် စည်မော်ရွာကို အပြင်မှ ဝိုင်းထားပြီး ကျေးရွာ အတွင်းသို့ ယနေ့ အရုဏ်တက်အချိန်တွင် ဝင်ရောက်လာခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြင့်က ပြောသည်။

“စစ်ကြောင်းက မနက်အရုဏ်တက်ချိန် ကျေးရွာထဲကို ဝင်လာတော့ လူတွေက ကြောက်ပြီး ကိုယ့်အိမ်ကကိုယ် ထွက်ပြေး ကြတယ်။ အဲဒီမှာ ရွာကို ဝိုင်းထားတဲ့ စစ်သားတွေက လမ်းမှာတွေ့တဲ့သူကို ဖမ်းခေါ်သွားတာ။ ခဏတစ်ဖြုတ် ခေါ်သွားတာလို့ထင်ရပေမယ့် အခုထိ ပြန်မလွတ်လာသေးတော့ မိသားစုတွေက အရမ်း စိုးရိမ် နေကြတယ်။” ဟု ယနေ့ ညနေ ၄ နာရီခွဲခန့်က နိရဉ္စရာသို့ ပြောသည်။

စည်မော်ကျေးရွာကို စစ်ကြောင်းများ မကြာခဏ ဝင်ရောက်လာမှုများ ရှိသော်လည်း ယခုကဲ့သို့ ဖမ်းဆီးခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

စည်မော်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင် တပ်မတော်စခန်းတစ်ခု တည်ရှိကြောင်း၊ ယနေ့နံနက်ပိုင်းက ကျေးရွာအတွင်း ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းမှာ ယင်းတပ်မတော်စခန်းမှ ဟုတ်/မဟုတ်ကို မသိကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းသည်  ယနေ့ နံနက် ၁ဝ နာရီခန့်က ကျေးရွာအတွင်းမှ ထွက်ခွာသွားကာ လက်ရှိ ကျောက်ဖြူမြို့နယ် ဒိုးမတောင်ကျေးရွာသို့ ရောက်ရှိနေပြီး ယင်းဖမ်းဆီးခံထားရသည့် ကျေးရွာသား ၇ ဦးလည်း ၎င်းတပ်မတော်စစ်ကြောင်းနှင့် အတူရှိနေသည်ဟု သတင်းရကြောင်း စည်မော်ကျေးရွာမှ ကျေးရွာသားတစ်ဦးက ပြောသည်။

“ ရွာသားတွေက စစ်ကြောင်းဝင်လာရင်ကြောက်ပြီး ထွက်ပြေးကြတော့တာပေါ့။ အဲဒီမှာ ထွက်ပြေးတဲ့သူတွေနဲ့ သူတို့နဲ့တွေ့ရင် အကုန်လိုက်ဖမ်းတော့တာပဲ။ သူတို့ ၇ ယောက်လုံး စစ်ကြောင်းက ဒိုးမတောင်ရွာမှာ စစ်သားတွေနဲ့အတူရှိတယ်လို့ ကျွန်တော်တို့ အဲဒီဘက်က သတင်းရတယ်။ ရွာကိုဝင်လာတုန်းတော့ သေနတ်တွေ ပစ်ဝင်လာတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် သူတို့ကရွာကိုဝိုင်းပြီး ဝင်လာတာ။ အဲဒါကြောင့် ရွာသားတွေက သူတို့ဝင်လာတာကို ညဉ့် အချိန်ဆိုပေမယ့် သိတာ” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ရွာသားအချို့ ဖမ်းသွားတယ်လို့တော့ သတင်းရတယ်။ ဒီတစ်ပတ်အတွင်းမှာ အဲဒီအနီးတဝိုက်မှာ တိုက်ပွဲဖြစ်တာတို့၊ ပေါက်ကွဲမှုဖြစ်တာတို့ မရှိပါဘူး။ ပစ်ခတ်တာတွေလည်း မရှိဘူး။” ဟု နိရဉ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

စည်မော်ကျေးရွာတွင် အိမ်ခြေ ၂၄၄ ဆောင်နှင့် လူဦးရေ ၁၁၃၃ ဦးရှိကြောင်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...